မော်လမြိုင် – ဇူလိုင်(၂၈)

ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်နဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ၊ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) တို့ကြား ပထမအကြိမ် ညှိနိုင်းအစည်းအဝေးကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက တစ်ယောက်ကိုတစ်ယောက် တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုရှိကြလို့သာ ညှိနိုင်းရေး အစည်းအဝေးတွေပေါ်လာတာဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ပြီး ယုံကြည်မှုတွေ ခိုင်ခိုင်မာမာနဲ့ ညှိနှိုင်းအစည်းအဝေး ရလဒ်ကောင်းတွေ ထွက်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီတို့ ပေါ်ပေါက်လာတာဟာ တခြားသော ပြည်နယ်နဲ့ ဖက်ဒရယ် ယူနစ်တွေအတွက် ပထမဆုံး စံနမူနာ ပြုစရာတွေ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“တော်လှန်ရေးအရရော တည်ဆောက်ရေးအရပါ ထူးခြားတဲ့ ဝိသေသတွေနဲ့ ပြည့်စုံနေတဲ့ ကရင်နီ ပြည်နယ်ကို တော်လှန်ရေးအင်အားစု အားလုံးက အထူးအာရုံစိုက် စောင့်ကြည့်နေကြတယ်လို့ ပြောချင်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကလည်း တော်လှန်ရေးတပ်ဦးမှာ ကနဦး ပွဲဦးထွက် ကတည်းက အောင်ပွဲအလီလီ ရရှိခဲ့တဲ့ ကရင်နီ ပြည်နယ်ကို ယခုအချိန်အထိ ဝိုင်းဝန်း အားပေး ထောက်ခံနေတာ တွေ့ရပါတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ် အတွင်းက လုပ်ဆောင်စရာ တွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာတည်ဆောက်ပြီး ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ယုံကြည်တယ်လို့လည်း ယာယီသမ္မတက ပြောခဲ့ပါတယ်။

ကရင်နီပြည်နယ်အတွင်းက လုပ်ဆောင်စရာ အဝဝကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ဆက်လက် လျှောက်လှမ်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

အဲဒီနောက် ပညာရေး၊ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာအရေး၊ လူ့အခွင့်အရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို သက်ဆိုင်ရာ ကဏ္ဍအလိုက်တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်ထောင်စုနဲ့ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းအစီအစဉ်တွေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျံမှုန်းဆာခေါင်က ဆွေးနွေးခဲ့ပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ မူဝါဒ၊ဖွဲ့စည်းပုံနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်နဲ့ ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ဖွဲ့စည်းပုံ မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ခွန်းဘီထူး တို့က အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါးလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်နဲ့ ကောင်စီဝင်တွေ၊ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ခွန်းဘီထူးနဲ့ ကောင်စီဝင်တွေအပြင် NUG မဟာမိတ်ဆက်ဆံရေး ကော်မတီဝင် ဦးမင်းကိုနိုင်နဲ့ အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.