ရန်ကုန်၊ ဇူလိုင် (၂၈)

ဖမ်းဆီးအကျဉ်းချခံ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ အစိုးရအဆောက်အဦးတစ်ခုဆီကို ရွှေ့ပြောင်းထားလိုက်ပြီလို့ NLD ပါတီအရာရှိ တစ်ယောက်က ဇူလိုင် ၂၈ ရက်နေ့မှာ ပြောကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရပြီးနောက် နေပြည်တော်တရားရုံးရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့တဲ့ ဓာတ်ပုံတစ်ကြိမ်တစ်ခါပဲ မြင်တွေ့ခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင် တိုက်ခိုက်မှုအများအပြား ဖြစ်ပေါ်ခဲ့ပြီး လူပေါင်းတစ်သန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အရာရှိရိပ်သာအဆောက်အဦးတစ်ခုဆီ တနင်္လာနေ့ညက ရွှေ့ပြောင်းလိုက်ပါပြီလို့ အမည်မဖော်လိုတဲ့ NLDပါတီ အရာရှိတစ်ယောက်က အေအက်ဖ်ပီ သတင်းဌာနကို ဇူလိုင် ၂၈ရက်နေ့မှာ အတည်ပြုပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ဥက္ကဌတီခွန်မြတ်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာမယ့် အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်ဒန်စီဟွန်နဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့လည်း NLDပါတီအရာရှိက အတည်ပြုပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာရှိတဲ့ အရေးကြီးပုဂ္ဂိုလ်တွေအတွက် သီးသန့်ထားတဲ့ အဆောက်အဦးတစ်ခုဆီ ရွှေ့ပြောင်းလိုက်ပြီလို့ အခြားနိုင်ငံရေးပါတီတစ်ခုရဲ့ သတင်းရင်းမြစ်ကလည်း ပြောကြားပါတယ်။

ဇူလိုင်လအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ဒါဟာသူထိန်းသိမ်းခံရပြီးနောက်ပိုင်း နိုင်ငံခြားအဆင့်မြင့် အရာရှိတစ်ယောက်နဲ့ ပထမဆုံးတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကြား တွေ့ဆုံမှုဟာ တစ်နာရီကျော်ကြာမြင့်ခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူတစ်ယောက်က အတည်ပြုပြောကြားပေမယ့် ဘာတွေဆွေးနွေးခဲ့သလဲဆိုတာကိုတော့ အသေးစိတ် မပြောပြခဲ့ပါဘူး။

Ref,CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.