ဒိုက်ဦး – ဇူလိုင်(၂၇)

ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ် အမှတ်(၃) ရပ်ကွက်(၁)လမ်းမှာ နေထိုင်တဲ့ စစ်ကောင်စီဒေါက်တိုင် သတင်းပေး ပျူစောထီး ဦးဆန်းဝင်း ဆိုသူကို ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Daik-U Defence Force တို့ပူးပေါင်းပြီး နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူး PDF ကသတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၆) ရက်နေ့ညနေပိုင်းက ဒိုက်ဦးမြို့နယ် အမှတ်(၁) ရပ်ကွက် စည်ပင်သာယာစျေးခေါင်းရုံးရှေ့ လမ်းပေါ်မှာ စစ်ကောင်စီသတင်းပေးဟာ ကျည်(၃) ချက် ထိမှန်ခဲ့ပြီး နေရာမှာတင်လဲကျသွားကာ သေဆုံးနိုင်ဖွယ်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ပစ်ခတ်ချိန်မှာ အရပ်သားကိုခင်မောင်ထွေးဆိုသူ ပြေးဝင်လာပြီး မြို့ပြတော်လှန်ရေးရဲဘော်တွေ ကို ဝင်ရောက်တားဆီးခဲ့တဲ့အတွက် သေနတ်နဲ့ မြေအောက်စိုက်ပြီး ခြောက်လှန့်ပစ်ခတ်ခဲ့ရတယ် လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီလိုခြောက်လှန့်ပစ်ခတ်မှုကြောင့် ကိုခင်မောင်ထွးမှာ ခြေထောက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသွား တဲ့အတွက် များစွာစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ သက်ဆိုင်ရာ တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဒေါက်တိုင် သတင်းပေးဦးဆန်းဝင်းဟာ စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေနဲ့ UG အဖွဲ့တွေကို လိုက်လံစုံစမ်းကာ သတင်းပေးပို့တာနဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ချိန်မှာလည်း စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး ပြည်သူတွေနဲ့ မြို့ပြပျောက်ကြားရဲဘော်တွေ ကို လူမဆန်စွာ ထုရိုက်နှိပ်စက်တာတွေပြုလုပ်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့် စာမျက်နှာဖွင့်လှစ်ပြီး ထောင်ကာ ရဟန်းသံဃာတွေအပေါ် ကြမ်းတမ်းစွာဆဲဆိုတာ၊ CDM တွေနဲ့ တော်လှန်ပြည်သူတွေကို ခြိမ်းခြောက်ပြောဆို ဖမ်းဆီးစေခိုင်းတာ တွေနဲ့ ပြည်သူ တွေအပေါ် အမျိုးမျိုး ဒုက္ခပေးနေတာကြောင့် ပစ်ခတ်ရှင်း လင်းခဲ့တာဖြစ် တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီဒေါက်တိုင်သတင်းပေး ပျူစောထီးတွေကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ဒေါက်တိုင်ပျူစောထီးတွေနဲ့ နီးကပ်စွာ နေထိုင်တာတွေမပြုလုပ်ဖို့အပါအဝင် ပစ်ခတ်မှု ဖြစ်ပွားပါက ဟန့်တားနှောင့်ယှက်တာ မပြုဘဲ ဘေးလွတ်ရာကို ရှောင်ရှားပေးကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပဲခူး- PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.