တနင်္သာရီ၊ ဇူလိုင်(၂၈)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ဗောဓိကမ်းကျေးရွာရှိ ရဲကင်းစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်က ကျေးရွာထဲ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဘန်လောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီးနှစ်ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာတွေ ရရှိခဲ့တာပါ။

လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ နီးစပ်ရာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ကျုးလွန်းနေတာပါ။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တနင်္သာရီမြို့နယ်အတွင်း ဒေသခံ ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.