မော်လမြိုင်၊ ဇူလိုင်(၂၈)

နိုင်ငံတည်ငြိမ်မှုမရှိတဲ့အခြေအနေမှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမယ်လို့ စစ်ကောင်စီ ကြေညာပြီးနောက် မွန်ပြည်နယ် မော်လမြိုင် အိမ်ခြံမြေဈေးကွက် အရောင်းရပ်ထားရတယ်လို့ အကျိုးဆောင်တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ဆင်ရုပ်ပုံပါ ကျပ်နှစ်သောင်းတန်ကို ဇူလိုင် ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်သံကနေ ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းမှာ ကြေညာခဲ့တာပါ။

ငွေစက္ကူအသစ် ထုတ်ဝေမယ့် သတင်းကြောင့် နေ့တွင်းချင်း အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံသူတွေ အများအပြား အဝယ်လိုက်ပေမယ့် ရောင်းမယ့်သူတွေက အခြေ အနေ စောင့်ကြည့်နေကြတာလို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

“အရောင်းရပ်သွားတယ်ဆိုတာက နိုင်ငံမှာသိတဲ့အတိုင်းပဲ တစ်ခုခု ငွေကြေးဖြစ်တော့မယ်ဆိုရင် လူတွေက ထိတ်လန့်စိုးရိမ်မှုဖြစ်တဲ့အခါကျတော့ ငွေကြေးဖောင်းပွတယ်လို့ ပြောကြတယ်လေ။ (အိမ်ခြံမြေ) ဒီတန်ဖိုးတွေ တက်ဖို့ အစီအစဉ်ရှိတယ်၊ ဒါပေမယ့်ဘယ်လိုဖြစ်လာမယ်ဆိုတာ ပိုက်ဆံက မထွက်သေးတဲ့အခါကျတော့ အဲဒီ အပေါ်မူတည်ပြီး ခဏရပ်ထားတဲ့ သဘောပေါ့။ ခြံတွေက ပုံမှန်ထက်ကို ဈေးတက်မယ့် အလားလာရှိတော့ တချို့ ခြံကြီးတွေဆို မရောင်းတော့ ဘူး၊ ပြန်စောင့်လိုက်တယ်။ လက်ထဲမှာ ပိုက်ဆံရှိတဲ့ လူကျတော့လည်း ဝယ်ဖို့က ရောင်းမယ့် အကွက်ကမရှိဘူး။ အနေအထားက စောင့်ကြည့်မယ့်အနေအထားပဲ”လို့ သူက ဆိုပါ တယ်။

အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန်ကို အကန့်အသတ်နဲ့သာ ထုတ်ဝေသွားမယ်လို့ အကြောင်းပြထားတာပါ။

ဒါပေမယ့် ဆုတ်ကပ်ဆိုက်လာနေတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြားမှာ ငွေစက္ကူအသစ်ထုတ်ဝေမယ့် ကြေညာချက်ကြောင့် ပြည်တွင်း ဒေါ်လာ၊ ရွှေနဲ့ ဘတ်ဈေးကွက်မှာလည်း ဈေးနှုန်းတွေကမောက်ကမဖြစ်ပြီး အရောင်းရပ်တန့်ထားရတဲ့ အနေအထားအထိ ဖြစ်ပေါ်နေတာပါ။

အိမ်ခြံမြေဈေးကွက်အနေအထားလည်း ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ မခန့်မှန်းနိုင်တာကြောင့် အရောင်းပိတ် ထားသူရှိသလို ကြိုက်ရောင်းကြိုက်ဝယ်လည်း ရှိတယ်လို့ နောက်ထပ် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

“အခုက အရောင်းသမားတွေက တချို့က အရောင်းပြန်ပိတ်လိုက်တာရှိတာပေါ့။ ဈေးကွက် အနေအထား ဘာ ဖြစ်လာမလဲဆိုတာ မသိတဲ့အခါကျတော့ တချို့ကအရောင်းပြန်ပိတ်တယ်၊ တချို့ကျတော့လည်း မပိတ်ဘူး။ ဒီအတိုင်းရောင်းတာပေါ့၊ ခေါ်ဈေးအတိုင်း မလျှော့တော့ဘဲ တင်းတင်းပဲရောင်းတာပေါ့”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျပ်နှစ်သောင်းတန်ကို အလုံးအရင်းနဲ့ ထုတ်မှာမဟုတ်ဘဲ ငွေစက္ကူအဟောင်းတွေနဲ့ ပြန်လဲလှယ်မှာဖြစ်တာကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ဘူးလို့ နိုင်ငံပိုင်ရုပ်သံ ကနေ ဒီရက်ပိုင်းအတွင်း ပြောဆိုခဲ့တာပါ။

ဒါပေမယ့် အမှတ်တရ ထုတ်ဝေမယ့် နှစ်သောင်းတန်ဂယက်ကြောင့် အခြေခံစားသောက် ကုန်ဈေးနှုန်း မြင့်တက် လာနေတဲ့အတွက် အရာရာကျပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေအပေါ် ရိုက်ခတ်မှုပြင်းပြင်းနဲ့ ထိုးနှက်နေတာပါ။

NUG ရဲ့ ကြားကာလဗဟိုဘဏ်ကတော့ စစ်ကောင်စီ ဩဇာခံ ဗဟိုဘဏ်ကနေ ရိုက်နှိပ်ထုတ်ဝေမယ့် ကျပ်နှစ် သောင်းတန်ကို အသိအမှတ်ပြုမှာမဟုတ်ဘဲ တရားမဝင် ငွေစက္ကူအဖြစ် ဇူလိုင် ၂၇ ရက်နေ့မှာ သတ်မှတ်ကြေညာပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.