လောင်းလုံး၊ ဇူလိုင်(၂၈)တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာနဲ့စခန်းကြီးကျေးရွာ အကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ကစပြီး တပ်အင်အား ၂၀၀ နီးပါးတဲ့ စစ်ကောင်စီတပ်ကနေ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးပူး ပေါင်းတပ်တို့ ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန် ခဲ့တာပါ။

တိုက်ပွဲအတွင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်ကိုအဲ့၊ ရဲဘော် F-One နဲ့ ရဲဘော်ကိုဝတုတ်တို့ ၃ ဦး ကျဆုံးခဲ့ပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် အရေအတွက် အ တိအကျ ဆက်လက် စုံစမ်းနေတယ်လို့ LLPDF ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့အထိ ခမောင်းတောင်ကျေးရွာအနီး ပတ် ဝန်းကျင်မှာ စစ်ကြောင်းထိုးထားတဲ့အတွက် နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ခမောင်းတောင်၊ စခန်းကြီး၊ နာခံတော၊ ဖွားဘုတ်ပြင်ကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာက ဒေသခံပြည်သူ ၁၀၀၀ နီးပါးဟာ ဘေးလွတ်ရာ နေရာကို ထွက်ပြေးတိမ်း ရှောင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က နာခံတောကနေ ခမောင်းတောင်ဘက်ကို လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ မိန်းကလေးငယ် ၁ ဦး လက်နက်ကြီး ကျည်ထိမှန် သေဆုံးထား တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.