လွိုင်ကော်၊ ဇူလိုင်(၂၈)

ကယားပြည်နယ်အတွင်း နယ်မြေစိုးမိုးမှုတွေပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် နေတာကြောင့် ပြည်နယ်အတွင်း နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး သံလွင်တံတားအရှေ့ဘက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ ရှမ်းဝမ်အောင်းနဲ့ ကျောင်ပန်းညိုကျေးရွာအတွင်းကို အင်အား ၃၀၀ ရှိတဲ့စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲတွေစတင်ပြင်းထန်လာတာပါ။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက သာလွန်အင်အားတွေအပြင် လက်နက်ကြီး၊ လေကြာင်းပစ်ကူတွေနဲ့ပါ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ရှမ်းပြည်နယ်တောင်ပိုင်းကနေ လွိုင်ကော်-မိုးဗြဲလမ်း အတိုင်း ခြေလျင်စစ် ကြောင်း၊ စစ်ကားတွေနဲ့ပါ သုံးပြီးအင်အားဖြည့်တင်းနေတာဖြစ်သလို မိုးဗြဲလမ်း ကနေလည်း စစ်ကောင်စီရဲ့ ခြေလျင်တပ်အင်အား ၄၀၀ နီးပါး၊ စစ်ကားအစီး ၇၀ ဝင်ရောက်ခဲ့တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အခုလိုအင်အားဖြည့်တင်းနေတာတွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက် နေတာကြောင့် တိုက်ပွဲတွေပြင်းထန်လာတယ်လို့ ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

“လွိုင်ကော်နဲ့မိုးဗြဲလမ်းဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်နေတာတွေ့ရတယ်။ လူထုတွေ သေဆုံးမှုရှိတာကို တော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။ အဲဒီနေရာက အရင်တစ်ပတ်ကစပြီး အခုအချိန်ထိ တင်းမာမှုတွေရှိနေတုန်းပဲ။ နောက်တခြားတစ်နေရာကတော့ နယ်စပ်ဘက်တွေမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒီဘက် ရွာသစ် နဲ့ ဘော်လခဲဘက်၊နောက်ပြီးတော့ မယ်စဲ့ နဲ့ဖားဆောင်းဘက်မှာလည်း ထိတွေမှုတွေပုံမှန်ရှိတယ်။ စစ်တပ်ဘက်က စစ်အင်အားတွေအများ ကြီးတိုးချဲ့ထားတာလဲတွေ့ရတယ်ပေါ့နော်” လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ အဆိုအရ ဒီနှစ်အတွင်း ကယားပြည်နယ်မှာ စစ်ကောင်စီရဲ့ တပ်မအသစ်တွေ ထပ်ရောက်လာပြီး လက်ရှိအချိန်မှာ တပ်မ(၉၉) နဲ့ တပ်မ(၅၅) တို့ကို တိုက်ပွဲတွေမှာ ပြန်တွေ့လာရတယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဖားဆောင်း PDF၊ဘောလခဲ PDF ၊ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလတလ)၊KNDF တပ်ရင်း (၂၀) နဲ့ KRU တပ်ပေါင်းစုတို့ကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာပါ။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်ကျော်ကာလအတွင်း ကယားပြည်နယ်မှာ တိုက်ပွဲပေါင်း (၇၂၉) ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.