နေပြည်တော်၊ ဇူလိုင်(၂၇)

အခုဘဏ္ဍာနှစ် ဧပြီလကနေ ဇွန်လအထိ သုံးလတာကာလအတွင်း လုပ်ငန်းဆက်လက်မလည်ပတ်နိုင်တော့တဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း ၃၃၈ ခုကို မှတ်ပုံတင်ပယ်ဖျက်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

အဲဒီအသေးစားစက်မှုလက်မှုလုပ်ငန်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းတွေဆက်လက်ဆောင်ရွက်ခြင်း မရှိတော့တဲ့အတွက် မှတ်ပုံတင်ပယ်ဖျက်ရတာလို့ စစ်ကောင်စီ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနက ဆိုပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်အရ အဲဒီသုံးလအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ၄၆၃ ခုကို မှတ်ပုံတင်ထုတ်ပေးခဲ့ပြီး မလည်ပတ်နိုင်တော့တဲ့ လုပ်ငန်းတွေကို မှတ်ပုံတင်ပယ်ဖျက်တာတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြတာပါ။

SME လုပ်ငန်းရှင်တစ်ဦးက လုပ်ငန်းအများစုဟာ စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်မီးမမှန်တာကြောင့် ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် လုပ်ငန်းတွေရပ်နားလာရတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တဖက်မှာတော့ SME လုပ်ငန်းရှင်တွေဟာ ကုန်ကြမ်းပစ္စည်းဈေးနှုန်း အဆမတန်မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အလုပ်သမားရှားပါးမှု ပြဿနာတွေကြောင့် လုပ်ငန်းတွေဆက်လက်လည်ပတ်ဖို့ အခက်ကြုံနေရတာပါ။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဆိုးရွားတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ မူဝါဒအပြောင်းအလဲတွေကြောင့်လည်း မြန်မာ့စီးပွားရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဆက်ရှိနေတယ်လို့ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်းမှာတော့ SME လုပ်ငန်းပေါင်း သိန်းနဲ့ချီရှိနေပြီး SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းမှုကြောင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ပင် မနည်းရုန်းကန်နေသလို တချို့လုပ်ငန်းတွေက အရှုံးပေါ်တာကြောင့် လုပ်ငန်းတွေ ပိတ်သိမ်းလာကြတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.