ရန်ကုန်၊ ဇူလိုင်(၂၇)

ခရီးသွားလာမှုအဆိုးဆုံးအဆင့် သတ်မှတ်ထားတဲ့ မြန်မာပြည်ကို အမေရိကန်နိုင်ငံသားတွေ ခရီးမသွားကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သတိပေးကြေညာချက် စာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အမေရိကန်ခရီးသွားလမ်းညွှန်မှုမှာ မြန်မာပြည်ကို ခရီးမသွားသင့်တဲ့နိုင်ငံအဆင့် ၄ အဖြစ် ဆက်လက်သတ်မှတ်ထားတာပါ။

အဲဒီသတိပေးချက်မှာ မြန်မာနည်းတူ မြောက်ကိုရီးယား၊ အာဖဂနစ္စတန်၊ အီရန်နဲ့ ရုရှားနိုင်ငံတွေကိုလည်း ခရီးသွားလာတာတွေမလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံထဲ သွားလာနေထိုင်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမိတာ၊ လူမှုကွန်ရက်ပေါ်ရေးသားတာ၊ ဝေဖန်စာရေးသားမိတာတွေက ရာဇဝတ်မှုစွဲချက်တွေနဲ့ ဖမ်းဆီးအရေးယူခံရနိုင်တယ်လို့လည်း သတိပေးထားတာပါ။

ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက အာဏာသိမ်းကာလအတွင်း ကျဆုံးခဲ့ရတဲ့ လူပေါင်း ၃၈၀၀ ကျော်အတွက် မြန်မာပြည်သူတွေနဲ့အတူ ပူဆွေးသောကရောက်ရတယ်လို့ စစ်အာဏာရှင်အဖွဲ့အစည်းက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကွပ်မျက်ခြင်းတစ်နှစ်ပြည့်မြောက်နေ့ ဇူလိုင် ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာတော့ အခြေခံကျသော အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်များကို ကျင့်သုံးနိုင်ဖို့ စိတ်အားထက်သန်လျက်ရှိတဲ့ မြန်မာပြည်သူတွေကို ဆက်လက်အားပေးထောက်ခံသွားမယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-US Department Of State

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.