ဘီးလင်း၊ ဇူလိုင်(၂၇)

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစပြီး တပ်အင်အား ၆၀ နီးပါးတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဲလံဘက်ကနေ ခလောက်အင်းကျေးရွာထဲ ဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအလောင်းတစ်လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိထားတယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ဟာ ဇူလိုင် ၂၅ ရက်နေ့က အလူးလေးကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ဒီနေ့ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းမှာလည်း ရွှေရောင်ပြကျေးရွာအနီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာပါ။

အလူးလေးကျေးရွာအနီး ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူပိုင် ကား ၃ စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၃ စီး ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ တိုက်ပွဲတွေကြောင့် အလူးလေးကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာ ၃ ရွာ ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကလည်း တိုက်ပွဲမရှိဘဲ ဘီးလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက် ရွှေရောင်ပြ၊ ဇီးဝန်း၊ အဝင်းကြီးကျေးရွာနေ ဒေသခံ ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.