အပစ်ရပ်မထိုးထားတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ “ဝ” အဖွဲ့ UWSP ၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့(NSPNC) နဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တို့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ တာပါ။ နှစ်ရက်တာဆွေးနွေးညှိနှိုင်းချက်တွေအရ နှစ်ဖက်သဘောထားတွေကို ထပ်မံဆွေးနွေးကြပြီး အပြီး သတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ နှစ်ရက်တာ ဆွေးနွေးမှုတွေ၊ ဘယ်အချက်တွေကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့လဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ နှစ်ရက်တာ ဆွေးနွေးပွဲမှာဘာတွေ ဆွေးနွေးဖြစ်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ကျွန်တော်ထွေထွေထွေထူးထူးတော့ သိပ်မသိပါဘူးခင်ဗျ။ ကျွန်တော်တို့သုံးဖွဲ့နဲ့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့က ပဉ္စမအကြိမ်ပြီးသွားပြီပေါ့။ လွန်ခဲ့တဲ့လေးကြိမ်က ကျွန်တော်တို့နဲ့ သူတို့ညှိနှိုင်းဆွေးနွေးတာတွေကို ပြန်စုစည်းပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ပြန်လည်ညှိနှိုင်းပြီးတော့ လက်မှတ်ပြန်ထိုးတာမျိုးတွေလည်း ရှိပါတယ်။ နောက်တစ်ခုက ဆွေးနွေးနိုင်သေးတာက ငြိမ်းချမ်းရေးညီလာခံက တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတဲ့ စုံစုံလင်လင် မတက်နိုင်သေးတော့ စောသေးပါတယ်ပေါ့။ သူတို့ငြိမ်းချမ်းရေးညီလာခံလုပ်ချင်တဲ့ကိစ္စက ဘယ်လိုရည်မှန်း ချက်တွေလဲပေါ့။ ကျွန်တော်တို့က မေးခွန်းထုတ်တာပေါ့။ သူတို့ကလည်း ရှင်းပြတာပေါ့။ ရှင်းပြတယ်ဆိုတာက အဖွဲ့တိုင်းအဖွဲ့တိုင်းမှာ ငြိမ်းချမ်းရေးနဲ့ပက်သက်ပြီးတော့ NCAလက်မှတ်ထိုးတဲ့အဖွဲ့တွေရော၊ လက်မှတ်မထိုး တဲ့ အဖွဲ့တွေရော သဘောတူလက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေ အားလုံးပြန်လည်စုစည်းပြီးတော့ ညီလာခံမှာသွားပြီး လက်မှတ်ထိုးခိုင်းတာပေါ့သူတို့က။ အဲဒီလိုထိုးခိုင်းပြီးတော့ ဘယ်အစိုးရပဲတက်လာလာ သူတို့က စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် လာမယ့်အစိုးရတွေများ ဘယ်အစိုးရဖြစ်ဖြစ်ပေါ့။

ဆက်ပြီးတော့ အလုပ်လုပ်သွားနိုင်အောင်ဆိုပြီးတော့ ညီလာခံထဲမှာ လက်မှတ်တွေပြန်ထိုးပြီးတော့မှ လာမယ့် အစိုးရပေါ့။ တင်ပြလို့ရအောင် သူတို့အဓိက ရည်မှန်းချက်ပေါ့။ ဆွေးနွေးတာရှိတယ်။ လတ်တလော ကျွန်တော် တို့က အဲဒီကိစ္စကို ပါဝင်ဆွေးနွေးတာမရှိဘူး။ လုပ်နိုင်တဲ့အခြေအနေလည်း မရှိသေးတာကြောင့်လည်း ဖြစ်တယ်။ ဆွေးနွေးတင်ပြတာကတော့ သူတို့ဘက်ကဖြစ်ချင်တာတွေ ဆွေးနွေးတယ်။ ကျွန်တော်တို့လည်း ကိုယ်စားလှယ်အနေနဲ့ နားလည်ပေမယ့် နောက်တန်းရှိတဲ့သုံးဖွဲ့ရဲ့ ဗဟိုကော်မတီဝင်တွေ အားလုံးနားလည်ဖို့ အချိန် ယူရပါမယ်။ လတ်တလောမှာ ကျင်းပမယ်ဆိုရင် ကျွန်တော်တို့ မတက်ရောက်နိုင်သေးဘူးလို့ ဆွေးနွေးတယ်။

၂။ စစ်ကောင်စီကတော့ နှစ်ဖက်ဆွေးနွေးကနေ ရရှိလာတဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဘာတွေ သဘောတူလက်မှတ်ရေးထိုးခဲ့လဲ။

ဘယ်လိုသဘောတူတယ်ဆိုတာ အသစ်အဆန်းတော့ မရှိဘူးခင်ဗျ။ ကျွန်တော်တို့ လွန်ခဲ့တဲ့လေးကြိမ်က နှစ်ဖက်ဆွေးနွေးတာတွေ ပြန်လည်စုစည်းပြီး လက်မှတ်ပြန်ထိုးတာလည်း ရှိပါတယ်။ အထူးအထွေတော့ မရှိဘူး။ ငြိမ်းချမ်းရေးညီလာခံလုပ်ချင်တာ ဘယ်လိုမြင်လဲပေါ့။ သူတို့လုပ်ချင်တာ ဘာညာထောက်ခံလား၊ မထောက်ခံ လားဆိုတာမျိုးပေါ့ ကျွန်တော်တို့လည်း နားလည်တယ်။ ထောက်ခံမှု၊ မထောက်ခံမှုကိစ္စက ကိုယ်စားလှယ် အနေနဲ့ပဲဆိုတော့ အဖွဲ့အစည်းရဲ့သဘောထားပြေပြေလည်လည် မဆွေးနွေးရသေးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြေပြေလည်လည် မပြောနိုင်သေးဘူး။ လတ်တလောမှာ ညီလာခံလုပ်မယ်ဆို ကျွန်တော်တို့က မတက်နိုင်သေး ဘူး။ ပါဝင်တက်ရောက်နိုင်ဖို့ ကျွန်တော်တို့ သုံးဖွဲ့ကအဆင်သင့်မဖြစ်သေးဘူး။ ကျွန်တော်တို့ ဆွေးနွေးတာတွေ ပြန်စုစည်းပြီး တစ်ချက်ပေါ့ ညီလာခံကျင်းပဖို့ ဒီနှစ်ချက်ပဲ ။ထွေထွေထူးထူး မရှိသေးဘူး။

၃။ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာ ဒေသဖွံ့ဖြိုးရေးအတွက်ရော ဘာတွေ ဆွေးနွေးတာတွေ ရှိလဲ။ စစ်ကောင်စီရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။

ဒေသဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့က ဆွေးနွေးတာတွေကို သူတို့ကလုပ်နိုင်တာတွေ၊ ကူနိုင်တာတွေ အဲဒီလိုတာတွေရှိတာပေါ့။ ဒေသဖွံ့ဖြိုးရေးကျတော့ ကျွန်တော်တို့ ညှိနှိုင်းတောင်းဆိုတာတွေ ရှိတယ်။ သူတို့ အဖြေမပေးနိုင်တာတွေလည်း ရှိတယ်။ သူတို့ပြန်ပြောနိုင်တာမျိုးတွေရှိပါတယ်။ ထွေထွေထူးထူးတော့ မရှိ သေးဘူး။ ပြည်တွင်းစီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့ ကိစ္စမှာလည်း ဒေသဖွံ့ဖြိုးရေးကိစ္စကလည်း သူတို့ ဘက်မှာ အခက်အခဲရှိတာပေါ့။ တချို့ဟာတွေ သူတို့မကူနိုင်တာတွေ၊ လမ်းတံတားနဲ့ ပြောမယ်ဆိုရင် ကတ္တရာ တို့ဘာတို့ တောင်းဆိုထားတာ ရှိတယ်။ လောလောဆယ်မှာ သူတို့လည်း အကျပ်အတည်း ရှိတာပေါ့။ တချို့ ဟာတွေ မကူနိုင်တာရှိတာပေါ့။ ကျန်တဲ့ဟာတွေ အသေးအဖွဲ့တွေလည်း ရှိတာပေါ့။

၄။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီနဲ့ ၅ ကြိမ်အထိ တွေ့ဆုံဆွေးနွေးထားပြီးဆိုတော့ ဘယ်လို သဘောတူချက်တွေနဲ့ ဘာတွေရရှိထားပြီလို့ ပြောလို့ပါသလဲ။ ရှင်းလင်းပြပေးပါဦး။

ဘယ်လိုအခြေအနေရှိလဲဆိုတော့ ကျွန်တော်တို့က ပစ်ခတ်တိုက်ခိုက်နေတာထက် အပြန်အလှန်ကြည့်ပြီး ဖြေရှင်းနေတာထက် ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်တာ ကောင်းတာပေါ့။ စကားလုံး တစ်ခုမှာ ဖြေရှင်းရမယ့်လမ်းစဉ်ကို အပြုသဘောဆောင်တဲ့ သဘောထားကို ရပ်တည်ကြတာကိုး။ နောက်ပြီး ကျွန်တော်တို့မှာလက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေး ကတိကဝတ်တွေများနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေး ဒေသခံရဲ့စားဝတ်နေရေးဖူလုံရေး ပညာရေး၊ ကျန်းမာရေး လုပ်နိုင်မှာပါ။ စစ်ပွဲကိုမဖြစ်ချင်လို့ နေ့တိုင်းဆွေးနွေးတာ တွေပဲ ဖြစ်ပါတယ်။ ဖြေရှင်းတာတော့ ကောင်းတာပေါ့။ အေးအေးချမ်းချမ်းဖြစ်တာပေါ့။ နည်းလမ်းမရှိပဲ တိုက် ပွဲပဲ လုပ်နေကြမယ်ဆိုရင် ပြည်တွင်းမှာ ပိုဆိုးသွားတာပဲ ရှိတယ်။ ကျွန်တော်တို့သုံးဖွဲ့က တွေ့ဆုံညှိနှိုင်းရေး နိုင်ငံရေးကို စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ လမ်းစဉ်ကို စွဲကိုင်ထားတယ်။ အဲဒီအတွက်ကြောင့် ဒီဟာတွေကို အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။ ကြီးကြီးကျယ်ကျယ် မျှော်လင့်ချက်မရှိပေမယ့် ကျွန်တော်တို့ နယ်မြေဒေသမှာ တည်ငြိမ်အေးချမ်းဖို့ ကျွန်တော်တို့ ဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.