နေပြည်တော်၊ ဇူလိုင်(၂၇)

ဘေးကျပ်နံကျပ် အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ဖမ်းဆီးအကျဉ်းချခံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်ထုတ်သုံးရတဲ့အထိ သွေးရူးသွေးတမ်း ဖြစ်လာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် အမိန့်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကနေ နေအိမ်အကျယ်ချုပ်မှာ ပြောင်းရွှေ့ဖို့စီစဉ်နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေပေါ်ထွက်နေတာပါ။

မြေပြင်တိုက်ပွဲတွေအပြင် နိုင်ငံရေး၊ စစ်ရေးနဲ့ သံတမန်ရေးရာတွေမှာ အဘက်ဘက်က ရှုံးနိမ့်နေလာတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးဖို့ခြေလှမ်းပြင်လာတာပါ။

မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇော်ကတော့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် အကူအညီနဲ့ အခက်အခဲတွေကိုပြန်ပြီး ကျော်လွှားလို့ရနိုင်မလားဆိုတာတွက်ဆပြီး သူ့ကိုထုတ်သုံးမသုံးပဲ အချင်းချင်းကြား ပဋိပက္ခတွေရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အခုအခြေအနေအရ သူတို့တော်တော့်ကို အခက်အခဲကြီးပုံရတယ်။ ကျွန်မတို့မသိနိုင်တဲ့ အခက် အခဲတွေလည်း ရှိနိုင်တယ်။ အဲဒီတော့အခက်အခဲတွေကို သူတို့ဘယ်လိုကျော်နိုင်မလဲဆိုတာ သူတို့ဟာသူတို့လည်း မစဉ်းစားနိုင်ဘူးထင်တယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် အကူအညီနဲ့ပြန်ပြီး ကျော်လို့များရမလားလို့ တွက်ဟန်တူတယ်။ သူတို့အချင်းချင်းကြားမှာလည်း ပဋိပက္ခတွေရှိနိုင်တယ် ။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်မလား၊ မထုတ်ဘူးလားဆိုတာ။ အဲဒါတွေအားလုံးရဲ့မရေရာတဲ့ ကာလကြီးပေါ့ဗျာ။ ဒါကြောင့်ဘေးက ကြည့်ရတဲ့လူအဖို့ကလည်း စစ်ကောင်စီမှာ အခုလောလော ဆယ် ပြတ်ပြတ်သားသား ဘာမူမှမရှိဘဲနဲ့ ကယောင်ကတမ်း သွေးရူးသွေးတမ်းတွေ ဖြစ်နေတယ်ဆိုတဲ့အချက်ပဲ ကျွန်မပြောနိုင်တယ်။ ကျန်တာကတော့ ခဏစောင့်ကြည့်ရလိမ့်မယ် တူပါတယ်”လို့ သူ က ဆိုပါတယ်။

လာမယ့် ဩဂုတ် ၁ ရက်နေ့မှာ စစ်ခေါင်းဆောင်တည်ထားတဲ့ “မာရဝိဇယ” ရုပ်ပွားတော် အနေက ဇာတင်ပွဲ ကျင်းပဖို့ရှိနေပြီး အဲဒီရက်မှာ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တဲ့ကိစ္စ ကြေညာမယ်လို့ AP သတင်းဌာနက ဇူလိုင် ၂၅ ရက်နေ့မှာ ဖော်ပြပါတယ်။

အလားတူ BBC သတင်းဌာနကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဝန်ကြီးအဆင့်နေထိုင်တဲ့ နေပြည်တော်က နေအိမ်တစ်အိမ်မှာ စစ်ကောင်စီက ပြောင်းရွှေ့လိုက်တယ်ဆိုပြီး သတင်းဖော်ပြပေမယ့် စစ်ကောင်စီဘက်ကတော့ လတ်တလော အတည်ပြုဖြေကြားနိုင်တာမရှိဘူးလို့ တုံ့ပြန်ခဲ့တာပါ။

တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် အနှစ် ၃၀ ကျော် ချမှတ်ထားတာဟာ ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ အပြီးပျောက်ကွယ်ဖို့ လုပ်ဆောင်ပေမယ့် အခုလို သူ့နာမည်ကို ထုတ်သုံးလာမှုဟာ စစ်ကောင်စီအနေနဲ့ ဘေးကျပ်နံကျပ် ရင်ဆိုင်နေရတဲ့အခြေအနေလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ “စစ်ကောင်စီအနေနဲ့ သူ့ကို (ဒေါ်အောင်ဆန်းစုကြည်) ထုတ်ပြီး သုံးမယ်ဆိုရင် သူတို့အနေနဲ့ (စကစ) အခွင့်အရေးတွေ အများကြီးရှိတာပေါ့။ ငြိမ်းချမ်းရေးအတွက်သုံးမလား ဒါမှမဟုတ် သူ့အဖွဲ့တွေကို ထိန်းဖို့နေရာမှာသုံးမလား ဒါမှမဟုတ် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် အများကလက်ခံလာအောင် သုံးမယ်ဆိုလည်း သုံးလို့ရတာပေါ့။ အဲဒီလို အခြေအနေမျိုးရှိတော့ ဒေါ်စုကတော့ လိုရင်လိုသလို ထုတ်ပြီးတော့ ကစားချင်းခံရမှာပဲ။ ဒါက စစ်ကောင်စီဘက်က လုပ်မယ်ဆိုတာ သေချာတယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လူထုကြားထဲ လွတ်လွတ်လပ်လပ်လပ် နိုင်ငံရေးလှုပ်ရှားခွင့်ရအောင် စစ်ကောင်စီက ခွင့်ပြုမှာမဟုတ်ဘဲ အကန့်အသတ်နဲ့သာ သူတို့အကျိုးအမြတ်အတွက် လိုသလိုထုတ်သုံးလာမယ်လို့ ဦးဖေသန်းက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပြီး တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်း သတင်းစကားပါးခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ သူတို့နှစ်ဦး ဘာတွေဆွေးနွေးကြသလဲဆိုတာ အသေးစိတ်မသိရှိဘူးလို့ အတည်ပြုခဲ့တာပါ။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အခုနှစ် ဇူလိုင် ၉ ရက်နေ့ မတိုင်ခင်အထိ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ သံတမန်တွေက တွေ့ခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။

ဒါပေမယ့် နိုင်ငံကိုတည်ငြိမ်အောင် အလေးထားဖို့ လိုအပ်နေသေးတဲ့ စစ်ကောင်စီကစစ်ရေးချိန်ခွင်လျှာ မညီမျှတော့တဲ့ အခြေအနေနဲ့အတူ တိုးယူထားတဲ့ အရေးပေါ်သက်တမ်းကုန်ဆုံးခါနီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းကျစဉ်ကာလတွေအတွင်း နိုင်ငံခြားသံတမန်တွေ အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ပြုပြီး နေအိမ်အကျယ်ချုပ်ပြန်ထားတာဟာ အရင်စစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ နည်းလမ်းသာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.