မော်လမြိုင်၊ ဇူလိုင်(၂၇)

စစ်ကောင်စီကကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေသွားမယ်လို့ ကြေညာပြီးနောက် အခုရက်ပိုင်းအတွင်း ဆန်အပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အဆတန်မြင့်တက်လာတယ်လို့ ကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ် ဝေသွားမယ်လို့ ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

အဲဒီကြေညာချက်ထုတ်ပြန်ပြီးနောက် ပြည်တွင်းဆန်ဈေးကွက်မှာ ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် တစ်သိန်းနီးပါးအထိ ဈေးနှုန်းမြင့်တက်လာသလို ဆန်ကြမ်းအုပ်စုဝင် ဧည့်မထကလည်း တစ်အိတ်ကို ကျပ် ၇၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူဂယက်ကြောင့် စပါးဈေးတွေမြင့်တက်လာပြီးနောက် ဆန်ဈေးနှုန်းတွေပါ ထပ်မံ လိုက်တက်လာခဲ့သလို ဆန်စက်တချို့ လုပ်ငန်းရပ်နားတာတွေ ရှိလာတယ်လို့ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ဆန်ဈေးတွေက ဒီ(၁)ရက် (၂)ရက်ပဲ တက်ပြီးရင်းတက်နေတာ။ ပိုက်ဆံ (၂)သောင်းတန်ထွက်တဲ့ကိစ္စလို့ ကြားတာပေါ့။ စပါးဈေးလည်းတက်တော့ ဆန်ဈေးလည်း ပြန်တက်သွားတာပေါ့။ ဆန်ကြမ်းတစ်အိတ်ကို သူလည်း (၆၀၀၀၀)ကျော်နေတယ်ဆိုတော့ အခက်အခဲ ရှိတာပေါ့။ စပါးပြန်ဝယ်တော့လည်း ဈေးတအားမြင့်တော့ ကိုယ်ဝယ်တဲ့ဈေးနဲ့ ကိုယ်ပြန်ပို့ရတာ ပွဲရုံပို့တာနဲ့ မကိုက်ဘူး။ ရှုံးမယ့်တူတူဆိုတော့ ဘာမှမကြိတ်တော့ဘူး၊ အဲဒီလိုမျိုး နေလိုက်တယ်၊ နားထားတယ်။ ဒီ(၂)သောင်းတန်ထွက်ပြီးတဲ့နေ့ဆိုရင် ဒီထက်ပိုဆိုးမလားမသိဘူး”လို့ ဆိုပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ စားသုံးဆီ ၁၀ ပိဿာပုံး တစ်ပုံးကို ကျပ် ၆၀,၀၀၀ ကျော်ကနေ ကျပ် ၇၃,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာသလို ခေါက်ဆွဲခြောက်တစ်ဖာကို ကျပ် ၁၄,၀၀၀ ဝန်းကျင်ကနေ ကျပ် ၁၇,၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းခုန်တက်လာတာ ဖြစ်ပါတယ်။

ကြက်သွန်နီဈေးကလည်း ၁၀ ပိဿာ တစ်အိတ်ကို ကျပ် ၂၀,၀၀၀ ဝန်းကျင်ကနေ ကျပ် ၂၅,၀၀၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်လာပြီး အခြေခံစားသောက်ကုန်တွေဟာ ပစ္စည်းအမျိုးအစားအပေါ် မူတည်ပြီး ကျပ် ၂,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာတာပါ။

ကုန်သည်တစ်ဦးကလည်း ကျပ် ၂၀,၀၀၀ တန်ဂယက်ကြောင့် ဈေးနှုန်းမတည်ငြိမ်တဲ့အတွက် ကုန်သည်တချို့ အရောင်းအဝယ် မလုပ်ကြတော့သလို ပစ္စည်းရှိတဲ့ကုန်သည်တွေကလည်း ဈေးတင်ရောင်းချမှုကြောင့် ကုန်ပစ္စည်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

“ပိုက်ဆံအသစ်ထွက်မယ် ဘာညာနဲ့ကမောက်ကမတွေ ဖြစ်နေတော့ ဘတ်ဈေးတွေကလည်းကျတယ် ။ ပစ္စည်းရှိတဲ့သူကလည်း မရောင်းဘူး။ ထပ်လည်း မဝယ်ဘူး။ လက်ရှိဖြစ်တဲ့ ငွေကြေးဖောင်းပွမှုနဲ့ ပစ္စည်းရှိတဲ့သူတွေကပဲ ဈေးကခေါ်ခေါ်တင်ပြီး ရောင်းနေတာလေ။ ရှိတဲ့သူတွေကလည်း ပစ္စည်းကို မ ရောင်းကြဘူး။ ဈေးကိုအော်ကြတယ်။ လိုချင်တဲ့သူက ဝယ်ကြတာပေါ့။ ခေါ်ဈေးပဲ၊ ရောင်းချင်တဲ့ သူကလည်း ရောင်းချင်တဲ့ ဈေးခေါ်တာပေါ့။ မရောင်းချင်တဲ့ သူကလည်းမရောင်းဘူး၊ မရှိဘူးပြောတာပေါ့။ ဒါကြောင့်ဈေးက လိုက်တက်လာတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမယ့်အပေါ် အကြောင်း အမျိုးမျိုးပြပြီး ကုန်စည်ဈေးနှုန်း ဆွဲတင်ဖို့ လှုံ့ဆော်သူတွေ၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း မြင့်တက်အောင် ကြိုးစားနေသူတွေကို ဖော်ထုတ်ပြီးအရေးယူနိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါပေမဲ့ ဈေးကွက်အတွင်းမှာတော့ အခြေခံစားသောက်ကုန်ပစ္စည်းတွေ အရင်ကထက် ၃ ဆကျော် မြင့်တက်လာတဲ့ အခြေအနေတွေကို ပြည်သူတွေခံစားနေရတာ ဖြစ်ပါတယ်။

“ကုန်ဈေးနှုန်းက (၃)ဆလောက် တက်သွားတာနော်။ အရင်တုန်းက (၁၀၀) ဆိုတဲ့ပစ္စည်းက အခုဆိုရင် အနိမ့်ဆုံး (၃၀၀) ရှိတယ်။ အရင်တုန်းက ကြက်ဥတစ်လုံးကို (၁၀၀)လောက်နဲ့ ဝယ်လို့ရတယ်။ အခု (၃၀၀) ဆိုရင် ကြက်ဥသေးသေးလေးပဲရတာ။ ဒီလောက်ကွာဟသွားတဲ့ အခြေအနေမှာ ဝင်ငွေကပုံမှန်ပဲ။ အရင်တုန်းကလည်း အာဏာမသိမ်းခင်တုန်းကလည်း ဝင်ငွေကဒီလောက်ပဲ။ အခုလည်း တိုးလာလားဆိုတော့ မတိုးလာဘူး။ ဒီလောက်ပဲပေါ့နော်။ ဆိုတော့ဒီအခြေအနေမှာ ဘယ်လိုတောင့်ခံမလဲပေါ့နော်။ ဝင်ငွေက တိုးမလာဘူး၊ ထွက်ငွေတွေက ဒီအတိုင်းစားနေတာမဟုတ်ဘူး။ ခြိုးခြိုးခြံခြံနဲ့ ခြစ်ခြုတ်ကုတ်ကပ်ပြီးတော့ စားနေရတဲ့အနေအထား၊ နေနေရတဲ့ အနေအထားမှာတောင်မှ လူစဉ်မီအောင် မစားရမသောက်ရဘူးဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာတာပေါ့နော်”လို့ ဆိုပါတယ်။

စစ်ကောင်စီက ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေသွားမယ်လို့ ကြေညာပြီးနောက် ပြည်တွင်း ဒေါ်လာ၊ ရွှေနဲ့ဘတ်ဈေးကွက်မှာလည်း ဈေးနှုန်းတွေ ကမောက်ကမဖြစ်ပြီး ဈေးကွက်ပျက်တဲ့ အခြေအနေအထိ ဖြစ်ပေါ်နေတာပါ။

စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ပြီး ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.