Bagan, Myanmar - February, 28th. 2010: Burmese women selling fruits and vegetable on a rural market in Bagan.

အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူတွေကို ဇူလိုင် ၃၁ ရက်နေ့ကစပြီး ထုတ်ဝေသွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ တရားဝင်ထုတ်ပြန်လာတာပါ။ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ ထုတ် ဝေမယ် ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းဈေးကွက်မှာ ကသောင်းကနင်းပြီး ရွှေနဲ့ဒေါ်လာ ဈေးကွက်ပျက်တဲ့ အထိ ဖြစ်ပေါ် ခဲ့သလို အခြေခံစားသောက်ကုန်ကလည်း ဈေးနှုန်းအဆမတန် မြင့်တက်လာပါတယ်။

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ ထုတ်ဝေမှုကြောင့် ဖြစ်လာနိုင်တဲ့ မြန်မာ့စီးပွားရေးအခြေအနေ၊ အကျိုးဆက် ပြဿနာတွေနဲ့ ငွေကြေးဖောင်းပွမှုဆီ ဦးတည်သွားနိုင်လား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ ထုတ်ဝေမှုကြောင့် မြန်မာ့စီးပွားရေးဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

သူကတော့ အထိမ်းအမှတ်အတွက် ထုတ်တယ်လို့ပြောတာပဲ။ ဒီအချိန်မှာ ဈေးကွက်ကိုလန့်မယ့်ဟာမျိုး မလုပ်သင့်ဘူး။ သူကတကယ်ကိုပဲ အထိမ်းအမှတ်အနေနဲ့ထုတ်တာဆိုရင် ဈေးကွက်ကို အများကြီးအခက်တွေ့တယ်။ အကုန်အရောင်းအဝယ်တွေပိတ်၊ ရောင်းရမယ့်သူကလည်း မရောင်းရဲ။ တကယ်လိုလို့ ဝယ်မယ့်သူ ကလည်း တန့်နေတာမျိုးဖြစ်နေတယ်။ အဲဒီလိုကမောက်ကမတွေ ဖြစ်တာပေါ့။ သူတို့တကယ်ပဲ အကန့်အသတ် နဲ့ထုတ်သလား။ ဘယ်လောက်လဲ အတိအကျမသိဘူးလေ။ ဈေးကွက်ထဲကို ငွေသားတွေ ရိုက်ထည့်တာ မဟုတ်ဘူး။ ဈေးကွက်ထဲမှာရှိတဲ့ ငွေသားနဲ့အလဲအလှယ်လုပ်မှာ။ အဲဒီလိုလုပ်တာဆို ရေရှည်မှာ အကျိုးသက် ရောက်မှုမရှိပါဘူး။ အထိမ်းအမှတ်မဟုတ်ပဲနဲ့ နောက်ကျရင် တကယ်ထုတ်လာမယ်ဆိုရင် အကျိုးသက်ရောက်မှုရှိမယ်။

၂။ စစ်ကောင်စီက ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို အရေအတွက် အကန့်အသတ်သာ ထုတ်ဝေမယ်လို့ ပြောတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဒီဟာကအခုမှ အထိမ်းအမှတ်ဆိုပြီး လုပ်တာသံသယရှိမိတယ်။ တစ်နှစ်ကျော်တည်းက သတင်းတွေထွက်နေတာလေ။ ငါးသောင်းတန်ထုတ်မယ်၊ နှစ်သောင်းတန်ထုတ်မယ်ဆိုပြီး။ အဲဒီအချိန်တည်းက အဆင်သင့်ရိုက်ထားပြီးတော့ အခုမှအထိမ်းအမှတ်ဆိုပြီး ထလုပ်တာလား။ အဲဒီဟာလည်း ဘယ်သူမှမသိဘူးပေါ့။ နှစ်သောင်း တန်ကို ဈေးကွက်ထဲထည့်တာ ဘယ်လိုပုံစံလဲ။ အဟောင်းအသစ်လဲပေးတဲ့ ပုံစံနဲ့ထည့်ပေးတယ်ဆိုရင် မသိသာပါဘူး။ အဲဒီလိုမဟုတ်ပဲ ဒီဟာကိုသက်သက်ထုတ်လာပြီဆို အဲဒါတစ်ချက်ကြည့်ရမှာပေါ့။ လစာထုတ်ရင် ဝန်ထမ်းတွေလစာတွေမှာ နှစ်သောင်းတန်ပါလာလား။ စီးပွားရေးသမားတွေမှာ ထုတ်ပေးတဲ့ပိုက်ဆံတွေမှာ နှစ်သောင်းတန်ပါလာလား။

အဲဒီလိုပါလာရင် သူတို့အထိမ်းအမှတ်အနေနဲ့ ထုတ်တယ်ဆိုရင်ဖြစ်သွားပြီ။ နောက်တစ်ချက်က ငါးရာတန်၊ တစ်သောင်းတန်အရွယ်အစားက အတူတူပဲ။ ငါးရာတန်ရိုက်မယ့်အစား နှစ်သောင်းတန်ရိုက်မယ်ဆိုရင် နိုင်ငံတော်က ကုန်ကျစရိတ်သက်သာမယ် တစ်အချက်က။ တန်ဖိုးတွေကမြင့်လာပြီ။ နှစ်သောင်းတန်နဲ့ ငါးရာတန် က။ ငွေကြေးမူဝါဒအတိုင်း သွားမသွား။ အဲဒါမသိရတော့ ဘယ်လိုအခက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။

၃။ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ ထုတ်ဝေမှုဟာ ငွေကြေးဖောင်းပွမှုဆီ ဦးတည်နေလား။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

အခုတက်တယ်ဆိုတာ ရှော့ရပြီးတက်သွားတာ။ မနှစ်ကလည်း ရွှေဈေးကွက်မှာဖြစ်ဖူးတယ်။ ၃၀၊ ၃၃အထိ တက်သွားဖူးတယ်။ အဲဒီရှော့ပြန်ငြိမ်သွားတဲ့အချိန်မှာ ပြန်ပြီးတော့ ၂၆၊ ၂၇ပြန်ကျသွားတယ်။ အခုနောက်ပိုင်း တက်လာတော့ တခြားကိစ္စကြောင့်လေ။ အခုလည်း ရွှေဈေးက ၃၂သိန်းဈေးကနေ ငြိမ်နေရာကနေ ၃၅၊၃၆ အထိ ကြားလာတယ်။ ဒါက ရှော့တက်ပေါ့။။ အများဆုံးတပတ်၊ နှစ်ပတ်ဆို အဲဒီကောင်က ပြန်ငြိမ်မှာပါ။

 ၄။ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ ထုတ်ဝေမှုကြောင့် မြန်မာ့စီးပွားရေးအပေါ် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ။

ငွေစက္ကူအသစ်ထုတ်တာ ဖြစ်နိုင်တာက ငွေကြေးဖောင်းပွတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် တန်ဖိုးပိုကြီးတဲ့ဟာ တချို့ကဘတ်ဂျတ်အနေနဲ့ ကြည့်ရင်တော့ ဘတ်ဂျတ်ချွေတာရာ တစ်ဖက်ကရောက်တာပေါ့။ ဒါပေမယ့် အကျိုးသက်ရောက်မှုက မသေးဘူး။ ငွေကြေးဖောင်းပွတာကြောင့် ကုန်ထုတ်လုပ်မှုတွေ ကျလာနိုင်တယ်။ အလုပ် လက်မဲ့တွေဖြစ်လာနိုင်တယ်။ ငွေကြေးဖောင်းပွမှုက တကယ့်ဘုံရန်သူပဲ။

 ၅။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

တစ်ဖက်က ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်တော့ ငွေစက္ကူရိုက်တဲ့ ကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းက လျော့ကျစေတာပေါ့။ ဒါပေမယ့်ဆိုးတဲ့ဘက်က ကြည့်ရင် ဒီဟာကိုဘယ်လိုဖြန့်မလဲ။ ဒီဟာတွေ ရိုက်ထုတ်တာ ငွေကြေးမူဝါဒနဲ့ ကိုက်ညီလား။ ငွေကြေးမူဝါဒနဲ့အရဆို GDPဘယ်လောက်တက်မှာ Money Supply ဘယ်လောက်တိုးရမယ်ဆိုတဲ့ သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေရှိတော့ အဲဒီစည်းမျဉ်းစည်းကမ်းအတိုင်းထုတ်မှာလား အဲဒီလိုရှိရမှာပေါ့လေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.