ကျောက်တံခါး၊ ဇူလိုင်(၂၇)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အရပ်သားပြည်သူ ၇ ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုအဖွဲ့ထံကနေ သိရပါတယ်။

ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာထဲကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကစပြီး အင်အား ၄၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်လာခဲ့တဲ့အတွက် KNLA PDF တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာပါ။

နံဇကျေးရွာတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းမှာ ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အိုနဲ့ စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် ဒေသခံပြည်သူ ၃ ဦးကို သတ်ဖြတ်သွားခဲ့သလို ပြည်သူနေအိမ် ၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့လည်း ကျောက်တံခါးမြို့နယ်(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ်၊ သမင်အင်ကုန်းကျေးရွာထဲမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ မိသားစုဝင် ၄ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ နံဇကျေးရွာကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က နယ်မြေဝင်ရောက်ရှင်းလင်းနေချိန်မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

ကျောက်တံခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် နံဇကျေးရွာအုပ်စုနဲ့ တောင်ခင်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရတယ်လို့ တော်လှန်ရေးအင် အားစုတွေဆီကနေ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA – PDF Kyaukkyi

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.