နေပြည်တော်၊ ဇူလိုင်(၂၆)

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံ၊ ဆေးခန်းတွေမှာ တက်ရောက်ကုသပြီးနောက် ပြန်လည်ကောင်းမွန်လာတဲ့ စစ်သား၊ အရာရှိစစ်သည်တွေကို အနားယူအပန်းဖြေခရီးစဉ်အဖြစ် စစ်ကောင်စီက ဒုတိယအကြိမ်ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့ ဝေါဟာရနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သည်တွေကို ဇူလိုင် ၂၄ ရက်နေ့မှာ ဧရာဝတီတိုင်းက ချောင်းသာကမ်းခြေနဲ့ ရခိုင်ပြည်နယ်က ငပလီကမ်းခြေတို့ကို အပန်းဖြေခရီး ပို့ဆောင်ပေးခဲ့တာပါ။

ခရီးစဉ်ကိုတော့ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရန်ကုန်တိုင်းကတဆင့် စစ်တပ်လေယာဉ်တွေ၊ မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ပေးရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တွေအလိုက် တိုင်းမှူးတွေနဲ့ တာဝန်ရှိသူတွေက ရင်းရင်းနှီးနှီး ပို့ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကမ်းခြေကိုလာရောက်ကြတဲ့ အရာရှိစစ်သည်တွေကို ဒေသထွက်အစားအစာတွေနဲ့ တည်ခင်းကျွေးမွေးပြီး အနီးအနားရှိ ဘုရားအစုံနဲ့လည်ပတ်စရာ နေရာတချို့ကိုလည်း ၅ ရက်ကြာ အပန်းဖြေလည် ပတ်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။

မဲသမာမှုအကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံနီးပါး စစ်အာဏာရှင်စနစ် လက်နက်ကိုင်ခုခံတော်လှန်မှု ပေါ်ပေါက်လာပြီး စစ်ကောင်စီက စစ်မျက်နှာများစွာဖွင့်ကာ တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်နေရတာပါ။

အခုလို စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို ဇွန်ဒုတိယပတ်တုန်းက ပထမဆုံးအကြိမ် ပို့ဆောင်ပေးခဲ့ပြီး အခု ဒုတိယအကြိမ်အနေနဲ့ ပို့ဆောင်ပေးတာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အင်အားချိနဲ့လာတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်အင်အားဟာ အတော်နည်းပါးလာနေသလို စွမ်းရည်လည်းကျဆင်းနေတာကြောင့် လေတပ်နဲ့ရေတပ်က စစ်သည်တွေကို အားကိုးနေရပြီး တခြားသောလက်ရုံးတပ်တွေကိုလည်း အသုံးပြုနေရတာလို့ CDM ဗိုလ်ကြီးတွေက သုံးသပ်ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ရန်သူ့အင်အား ၂၉,၀၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့သလို ၁၁၀၀၀ ကျော်ကိုလည်း ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့ မေနှောင်းပိုင်းမှာ ထုတ်ပြန်တဲ့ ပြည်သူ့ကာကွယ်ရေးကဏ္ဍအခြေပြစာတမ်းမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.