မြဝတီ၊ ဇူလိုင်(၂၆)

ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင်တာဝါတိုင်စခန်းကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီဘက်က တပ်အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေပိုမိုပြင်းထန်ဖို့ ရှိနေကြောင်း KNLA ကော်ဘရာစစ်ဆင်ရေးမှူးက ပြောတယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

KNU ဒူးပလာယာခရိုင်၊ မြဝတီမြို့အနီး မေတ္တာလင်းမြိုင်ကျေးရွာနဲ့ လက်ခတ်တောင်အကြားရှိ လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရရှိဖို့အတွက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ဇူလိုင် ၂၄ ရက်နေ့က မနက် ၅ နာရီအချိန်က အပြန်အလှန်ပစ်ခတ်မှု မိနစ် ၄၀ အကြာ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနေပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ ရက်နေ့ မနက် ၅ နာရီအချိန်ကနေ မနက် ၉ နာရီခွဲကျော်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့ကာ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ရန်သူကတော့ လက်ခတ်တောင်စခန်းကို ပြန်ရဖို့၊ ပြန်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဒီရက်(ဇူလိုင် ၂၅)နဲ့ဆို နှစ်ရက်ရှိပြီပေါ့။ ဒါပေမဲ့ တောင်ခြေနားအထိ သူတို့ရောက်မလာနိုင်ဘူး။ သူတို့ထိခိုက်ကဆုံးတာများလို့ ပြန်ဆုတ်သွားတယ်။ ထိခိုက်သေဆုံးတဲ့ သူ့လူတွေကို ပြန်ဆွဲပြီး လက်နက်ကြီးတွေနဲ့ အဆက် မပြတ် ကျွန်တော်တို့ကို ပြန်ပစ်နေတယ်။ အခြေအနေကတော့ ဆက်လက်ပြင်းထန်ဖို့ရှိတယ်” လို့ ဗိုလ်ဒါဘောက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်ရယူနိုင်ဖို့အတွက် စစ်ကောင်စီရဲ့ တပ်မ(၄၄) တပ်မမှူးကနေ တိုက်ရိုက်ညွန်ကြားပြီး ခမရ(၂) တပ်ရင်းနဲ့ ခမရ(၁၁၈)တပ်ရင်းက စုစုပေါင်း ထုတ်နုတ်အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ဇူလိုင် ၂၀ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်ကစတင်ပြီး KNLA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၁ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ အပြီးသတ်ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သလို လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်း အများအပြားလည်း KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရခဲ့ပါတယ်။

လက်ခတ်တောင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အား ၆၀ ကျော်ရှိတဲ့ ခမရ(၂)တပ်ရင်းနဲ့ ခမရ (၁၁၈) တပ်ရင်းနှစ်ရင်းပါဝင်ခဲ့ပြီး တိုက်ပွဲအတွင်း ဆုတ်မိန့်မရဘဲ တပ်ဆုတ်သွားခဲ့တဲ့ ခမရ(၂)တပ်ရင်းက တပ်ရင်းမှူးအာကာအောင်နဲ့ ဒုတပ်ရင်းမှူးကျော်သူမောင်တို့နှစ်ဦးကို အာဏာဖီဆန်မှုနဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့အကျဉ်းထောင်မှာ အပြစ်ပေးထောင်ချခံနေရတယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Cobra Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.