ရန်ကုန်၊ ဇူလိုင်(၂၆)
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေတော့မယ်လို့ စစ်ကောင်စီကြေညာပြီးနောက် မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာပြီး ဒေါ်လာနဲ့ရွှေဈေးကွက်ပျက်တဲ့ အခြေအနေအထိ ဖြစ်ပေါ်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ထုတ်ဝေသွားမယ်လို့ ဇူလိုင် ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
ငွေစက္ကူအသစ် ထုတ်ဝေတော့မယ်လို့ ကြေညာပြီးနောက် ပြည်တွင်းဒေါ်လာဈေးကွက်မှာ တစ်ဒေါ် လာကို ကျပ် ၃၁၀၀ ကနေ ၃၆၀၀ ကျော်အထိ ဈေးနှုန်းခုန်တက်လာသလို ဘတ်ဈေးကလည်း တစ်ဘတ်ကို ကျပ် ၈၀ ဝန်းကျင်ကနေ ကျပ် ၉၀ ကျော်အထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
ပြည်တွင်းမီးလင်းအခေါက်ရွှေဈေးကလည်း တစ်ကျပ်သား ကျပ် ၃၂ သိန်းကလည်း ကျပ် ၃၆ သိန်းကနေ ၃၈ သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာပြီး ဈေးကွက်မဖွင့်နိုင်တော့လို့ ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေအထိ ဖြစ်ပေါ်နေတာပါ။
“ရွှေဈေးကွက်ရော၊ ငွေဈေးကွက်ရော ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေတာပေါ့နော်။ ဈေးတွေကတစ်ယောက်တစ်မျိုးစီ ပြောနေကြတာပဲ။ မနေ့ကဆိုလည်း (၃၆)သိန်း (၃၈)သိန်းကြားပေါ့။ ဒါပေမယ့် ရွှေဆိုင်အများစုကတော့ ပိတ်ထားတယ်။ အရောင်းရောအဝယ်ရော ပိတ်တယ်။ ဒေါ်လာဈေးကလည်း အဲဒီလိုပဲ။ တချို့ကကျတော့ (၃၂၅၀)နဲ့ (၃၄၀၀) ကြားလို့ပြောတယ်။ တချို့ကကျတော့လည်း (၃၆၀၀) လောက် (၃၆၅၀) အဲဒီလိုမျိုး အရောင်းအဝယ်လုပ်ကြတဲ့ သူတွေလည်းရှိတယ်။ အခုဟာက ဘယ်လိုလဲဆိုတော့ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ဖြစ်နေတာတော့ ကြိုက်ရောင်းကြိုက်ဝယ်ပေါ့”လို့ ဆိုပါတယ်။
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူဂယက်ကြောင့် မြန်မာငွေတန်ဖိုးကျဆင်းလာပြီးနောက် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် တရှိန်ထိုးတက်လာပြီး ကားနဲ့ဆိုင်ကယ်ဈေးနှုန်းတွေကလည်း အဆမတန် ဈေးနှုန်းခုန်တက်လာနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ ပြည်သူတွေဟာ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေတော့မယ်ဆိုတဲ့ သတင်းကြောင့် ဘဏ်တွေမှာ ငွေတွေအလုအယက် ပြေးထုတ်တာတွေ ရှိနေတယ်နေတယ်လို့ ပုဂ္ဂလိကဘဏ်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
ငွေစက္ကူအသစ်ဂယက်ကြောင့် ဆန်အပါအဝင်အခြေခံစားသောက်ကုန်ဈေးနှုန်း ချက်ချင်းဆိုသလို ထိုးတက်လာတယ်လို့ ကုန်သည်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျန်တာမပြောနဲ့။ တစ်ဘတ်ကို မြန်မာငွေ (၉၀) ဖြစ်သွားပြီဆိုတော့ (၁၀) တက်လာတဲ့သဘောပဲ ကုန်ဈေးနှုန်းတွေက။ (၁၂) ရာခိုင်နှုန်းလောက် တက်လာတယ်ဆိုတဲ့ သဘောပဲလေ (၁၀၀)ကို။ ကျန်တဲ့ဟာတွေလည်း အကုန်လုံးတက်ကုန်ပြီးလေ။ ရှိသမျှဟာတွေ ကားဈေးတွေ အကုန်တက်တယ်ကွာ။ မြေဈေးတွေ တက်တယ်ကွာ။ ခြံဈေးတွေ တက်တယ်ကွာ။ ရွှေဈေးတွေ တက်တယ်ကွာ။ မတက်တာဆိုလို့ လူသားအရင်းအမြစ်တွေဘဲရှိတယ်။ ဘယ်အရာမဆို ထိုင်းနိုင်ငံကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေအကုန်လုံး အဲဒီမှာဈေးတက်ကုန်တာလေ”လို့ ဆိုပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမယ့်အပေါ် အကြောင်းအမျိုးမျိုးပြပြီး ကုန်စည်ဈေးနှုန်းဆွဲတင်ဖို့ လှုံ့ဆော်သူတွေ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်အောင် ကြိုးစားနေသူတွေကိုဖော်ထုတ်ပြီး အရေးယူနိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို ဇူလိုင် ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေသွားမှာ ဖြစ်ပြီး အကန့်အသတ်နဲ့သာ ထုတ်ဝေမယ်ဆိုပေမယ့် ဘယ်လောက်ပမာဏအထိ ထုတ်ဝေမယ့်အကြောင်း ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ငွေကြေးဖောင်းပွမှုဆီ ဦးတည်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။
စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်းမြင့်တက်လာနိုင်ပြီး ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ