တနင်္သာရီ၊ ဇူလိုင်(၂၀)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားလာတယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကစပြီး တနင်္သာရီမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။

ဇူလိုင် ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၄ ရက်အတွင်း နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး စစ်ကောင်စီဘက်က ၁၀ ဦးနီးပါး သေဆုံးထားတယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲတွေဟာ သိန်းခွန်၊ သဲဖြူနဲ့ချောင်းနှစ်ပေါက်ကျေးရွာအထိ စစ်မျက်နှာကျယ်ပြန့်လာသလို စစ်ကောင်စီတပ်ကလည်း တပ်အင်အား ထပ်မံဖြည့်တင်းတာတွေ လုပ်ဆောင်နေတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ တနင်္သာရီမြို့နယ် မောတောင်လမ်း ကွမ်းသီးတောကျေးရွာအနီးမှာ လက်နက်ကြီးအထိုင်ချပြီး ကျေးရွာတွေဘက်ကို ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

တိုက်ပွဲတွေကြောင့် သိန်းခွန်၊ သဲဖြူနဲ့ချောင်းနှစ်ပေါက်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာ ၅ ရွာက ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေရပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်နဲ့ဧပြီလဆန်းပိုင်းမှာလည်း တနင်္သာရီ-မောတောင်လမ်းပိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ၂ ပတ်နီးပါး တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.