ကျိုက်ထို၊ ဇူလိုင်(၂၀)

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ပြီး ဒေသခံ ၃၀၀၀ ကျော်လည်း ထွက်ပြေးနေရတယ်လို့ KNU သထုံခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကစပြီး တပ်အင်အား ၁၅၀ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက KNU ကျိုက်ထိုမြို့နယ် ငှက်ပျောတောနဲ့ အလူးကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ပြီး ထိုးစစ်ဆင်ဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာတာကြောင့် ဇီးကုန်း၊ ပိတောက်တော၊ ချမ်းမြေ့၊ ငှက်ပျောတော၊ ကရဝေးဆိပ်နဲ့ ရှမ်းစုကျေးရွာတို့က အိမ်ထောင်စု ၆၉၉ စု၊ လူဦးရေ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ ဇူလိုင် ၁၆ ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပိတောက်တောကျေးရွာနေ အရပ်သားမောင်ပိုင်ချစ်ဦးနဲ့ ကျိုက်ထိုမြို့မှ ဈေးလာရောင်းတဲ့ အရပ်သားဈေးသည် ၂ ဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၃ ဦးကို ပစ်သတ်ပြီးနောက် အရပ်သားဆိုင်ကယ်တစ်စီး ယူဆောင်သွားသလို အရပ်သားပိုင်ဟိုက်ဂျက်ကားကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၈ ရက်နေ့မှာ စစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်မှာ လုံခြုံရေးယူထားတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း အရပ်သားပြည်သူတွေကို ပစ်သတ်သွားတဲ့ စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ တပ်ရင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ကျိုက်ထိုမြို့နယ်ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ မရှိပေမယ့် အခုအခါမှာတော့ တကျော့ပြန်စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.