မော်လမြိုင် – ဇူလိုင်(၁၉)

၇၆ နှစ်မြောက် အာဇာနည်နေ့ အလေးပြုအခမ်းအနားကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ရှေ့တန်း စစ်ကြောင်းတွေနဲ့ တပ်ခွဲတွေမှာ တပြိုင်တည်း ကျင်းပခဲ့ကြတယ်လို့ S.O.F က သတင်းထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကို အလေးပြုတာ၊ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ကျဆုံးခဲ့ကြတဲ့ အာဇာနည်ရဲဘော်တွေကို အလေးပြုတာနဲ့ တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးမှူး ရဲဘော် စောရှားပေးပို့တဲ့ သဝဏ်လွှာလို့ ဖတ်ကြားခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူ့ခုခံစစ်တော်လှန်ရေး (၂) နှစ်တာအတွင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က ရဲဘော်(၈) ဦး ကျဆုံးသွားခဲ့ပြီး ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်တွေကို အမြဲတမ်းတလေးတစား သတိရနေမှာဖြစ်ပြီး တော်လှန်ရေးကို ဒီထက်ပိုကြိုးစားလုပ်ဆောင်သွားမယ်လို့ S.O.F တပ်မှူးက ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်းပေါ့နော်၊ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုကော ပြီးရင် ပြည်သူ့ခုခံတော်လှန်စစ် (၂)နှစ်အတွင်းမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား အာဇာနည်ရဲဘော်အားလုံးကိုကော နောက်ပြီးရင် ဒီ(၂)နှစ်အတွင်းမှာ ကျဆုံးခဲ့တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ရဲ့ အာဇာနည်ရဲဘော်(၈)ဦး အတွက်ကိုရော ကျွန်တော်တို့သည် အမြဲတမ်းတလေးတစားနဲ့ သတိရအမှတ်ရနေမယ့်ဆိုတဲ့ဟာ ကိုလည်း ကျွန်တော်တို့ပြောချင်ပါတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် အာဇာနည်ပုဂ္ဂိုလ်တွေ ကြိုးစားသွားပြီးမပြီးမြောက်သေးတဲ့ ကျန်ရှိတဲ့ ဒီတော်လှန်ရေး လုပ်ငန်းစဉ်ကိုလည်း အဲဒီထက်ပိုပြီး အမြဲတမ်းကြိုးစားကာ မမှိတ်မသုန် ကြိုးစားလုပ်ဆောင် သွားမယ်ဆိုတာကိုအဓိက ပြောချင်တယ်လို့ သူက ပြောပါသေးတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ဟာ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး တော်လှန်ရေးအင်အားစု မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ အာဇာနည်နေ့မှာတော့ အာဇာနည်ခေါင်းဆောင်တွေရဲ့အကြောင်း၊ S.O.F တပ်ဖွဲ့ရဲ့ အာဇာနည်ရဲဘော်တွေအကြောင်း ဂုဏ်ယူဖွယ်၊ လွမ်းဆွတ်အောက်မေ့ဖွယ် မှတ်တမ်း အကြောင်းအရာတွေကို ပြန်လည်ပြောပြခဲ့ကြပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – S.O.F

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.