မော်လမြိုင်၊ ဇူလိုင်(၁၉)

အာဏာသိမ်း စစ်ကောင်စီရဲ့ ပိတ်ဆို့ကန့်သတ်မှုကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်လာပြီး သွင်းကုန်ရောပို့ကုန်ပါ မရှိသလောက်နည်းပါးသွားပြီလို့ နယ်စပ်ကုန် သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစပြီး ထိုင်း-မြန်မာ ကုန်သွယ်မှုမှာ ပို့ကုန်၊ သွင်းကုန်လိုင်စင်တွေကို ရုတ်သိမ်းတာ၊ မဖြစ်မနေတင်သွင်းခွင့်ပေးထားတဲ့ ကုန်စည်တွေအတွက် လိုင်စင်အသစ် ပြန်လျှောက်ခိုင်းတာအပြင် သွင်းကုန်ကဏ္ဍအပေါ် တင်းကျပ်တဲ့စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ပိတ်ဆို့ရှာဖွေဖမ်းဆီးပြီး သိမ်းဆည်းတာ၊ တဖက်နိုင်ငံကိုတင်ပို့မယ့် ကုန်ပစ္စည်းတချို့ကို ကန့်သတ်တာ၊ ပြည်တွင်းမှာအသုံးပြုနေတဲ့ ကုန်ပစ္စည်းတွေကိုလည်း တင်သွင်းခွင့်ပိတ်ပင်ထားတာပါ။

နယ်စပ်ကုန်သည်တစ်ဦးကတော့ စစ်ကောင်စီဟာ နဂိုကုန်ပစ္စည်းတင်သွင်းတဲ့နေရာမှာ ရှိပြီးသား ပို့ကုန်သွင်းကုန်လိုင်စင်တွေကအစ ပိတ်ပင်ထားတဲ့အတွက် ထိုင်း-မြန်မာ ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်လာတယ်လို့ ပြောပါတယ်။

“ထိုင်းကုန်ပစ္စည်းတွေက ဆိုးတာပေါ့ကွာ။ ငါတို့မှာဈေးကွက်တွေပျက်ပြီးတော့ ဘာမှကိုမရှိတော့ဘူး။ နဂို ပို့ကုန်သွင်းကုန် လိုင်စင်တွေလေ၊ ပါမစ်တွေ အကုန်လုံးပိတ်လိုက်ပြီ။ နိုင်ငံခြားကိုထွက်မယ့်ဟာ တော်တော်များများကို မသက်သာမှဘဲ သူတို့ကပေးပြီးတော့ ထွက်တော့တယ်။ အခုလောလောဆယ် လက်ရှိတော်တော်များများ ဘာမှကိုမဆင်းနိုင်ဘူးဖြစ်နေတယ်။ အခြေအနေကြည့်နေကြတယ်၊ အဖွဲ့တွေနဲ့ ဖွဲ့ပြီးတော့ လိုက်စစ်နေကြတဲ့ အခါကျတော့၊ ဘာကုန်မှမဝင်တော့ဘူးလေ။ ထွက်ကုန်လည်း မရှိဘူးကွာ၊ ပို့ကုန်လည်း မရှိဘူးကွာ အဲဒီလိုဖြစ်နေတာ၊ ပို့ကုန်နဲ့သွင်းကုန် ဘာမှကိုမရှိဘူး အဲဒီလိုဖြစ်နေတယ်”လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ မှောင်ခိုဈေးကွက်ပိုမိုကြီးထွားလာတဲ့အတွက် မကြာမီကာလအတွင်း ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်းအဆမတန်မြင့်တက်လာနိုင်သလို ပြည်တွင်းမှာ အခြေခံစားကုန်ရှားပါးမှုနဲ့ ကြုံရနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက သုံးသပ်တာပါ။

နယ်စပ်ကုန်သည်တစ်ဦးကလည်း ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ စစ်ကောင်စီကျင့်သုံးနေတဲ့ မူဝါဒဟာ အရင်တံခါးပိတ်စီးပွားရေးစနစ်ကို ပြန်သွားနေတာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

“မြန်မာပြည်ကို နောက်ဆိုကြံသကာနဲ့ ထန်းလျက်ခဲနဲ့ဘဲ စားရမယ်။ ပြည်တွင်းကထုတ်တဲ့ဟာပဲ စားရမယ်။ ပြည်ပကထုတ်တာ ဘာမှမရတော့ဘူး။ ငါတို့အရင် တံခါးပိတ်စီးပွားရေးစနစ်လိုပဲ။ ပြည်တွင်းကထုတ်နိုင်တဲ့အရာမှန်သမျှ ပြည်တွင်းကဘဲ ထုတ်ခိုင်းတော့မယ်။ နိုင်ငံခြားငွေ မရှိလို့၊ နိုင်ငံခြားကနေတောင် သကြားတို့ ဘာတို့တောင် တင်သွင်းခွင့်ပိတ်လိုက်ပြီ။ ကိုယ့်နိုင်ငံစက်ရုံက သကြားပဲသုံးဆိုပြီးတော့။ နိုင်ငံခြားကနေပြီးတော့ ဘိလပ်မြေတို့ ဘာတို့တောင် ပိတ်ထားတယ်။ ကိုယ့်နိုင်ငံမှာ ဘိ လပ်မြေစက်ရုံရှိနေတဲ့အတွက် ကိုယ့်နိုင်ငံက ဘိလပ်မြေသုံးဆိုတဲ့ သဘောပဲပေါ့။ ကုန်စည်တစ်ခုချင်းစီကို ကိုယ့်နိုင်ငံကထုတ်လို့ရတာမှန်ရင် ကိုယ့်နိုင်ငံမှာဘဲသုံးဆိုတဲ့ သဘောမျိုးလေးတွေ လုပ်တာပေါ့။ ကိုယ်နိုင်ငံက ကွာလတီပြည့်မီအောင် ထုတ်နိုင်ရင်တော့ မဆိုးဘူးပေါ့။ ကိုယ်နိုင်ငံကကွာလတီမပြည့် မီတဲ့အခါကျတော့ စက်ရုံအလုပ်ရုံတွေ မီးကလည်းမှန်မှန်မရတဲ့ အခါကျတော့ ဘယ်လိုလုပ်လည်ပတ်နိုင်မှာလဲ”လို့ ဆိုပါတယ်။

ဒါပေမဲ့ ဇူလိုင် ၁၈ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာမှာတော့ ဧပြီ ၁ ရက်နေ့ကနေ ဇူလိုင် ၁၄ ရက်နေ့အထိ ထိုင်း-မြန်မာကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၃၀ ကျော်ရှိခဲ့ပြီး ထိုင်းနိုင်ငံဘက်က စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်ယူမှု မြင့်တက်နေတယ်လို့ ဖော်ပြပါတယ်။

နယ်စပ်ကုန်သည်တွေက စစ်ကောင်စီဖော်ပြတဲ့ နယ်စပ်ကိန်းဂဏန်းတွေဟာ အရေအတွက်မျှသာဖြစ်ပြီး ထိုင်း-မြန်မာကုန်သွယ်ရေးဟာ မေလနောက်ဆုံးအပတ်ကတည်းက ရပ်တန့်လုနီးပါး ဖြစ်နေတာလို့ ပြောပါတယ်။

စစ်ကောင်စီ ထုတ်ပြန်တဲ့ နယ်စပ်ကုန်သွယ်မှုမှာလည်း သွင်းကုန်ကဏ္ဍမှာ ကန်ဒေါ်လာ သန်းပေါင်း ၃၆၅ သန်း အထိရှိနေပြီး ပို့ကုန်ကဏ္ဍမှာတော့ ကန်ဒေါ်လာသန်းပေါင်း ၁၆၅ သန်းကျော်သာ ရရှိတဲ့အတွက် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ သန်း ၂၀၀ အထိ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်း-မြန်မာ နယ်စပ်မှတဆင့် အခြေခံစားသောက်ကုန်၊ အလှကုန်၊ ဆေးဝါးနဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေအပါအဝင် တခြားလူသုံးကုန်ပစ္စည်းတွေကို တင်သွင်းနေရသလို ထိုင်းနိုင်ငံကိုတော့ စိုက်ပျိုးရေးထုတ်ကုန်၊ ရော်ဘာနဲ့ ရေထွက်ကုန်ပစ္စည်းတွေကို တင်ပို့နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.