တောင်ကုတ် – ဇူလိုင်(၁၃)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ဒေသခံ(၆) ဦးကို ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်တယ် ဆို တဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က) နဲ့ ဇူလိုင် လ(၁၁) ရက်နေ့မှာထောင်ဒဏ် (၄) နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စွပ်စွဲဖမ်းဆီးခံရသူတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးချိန်မှာ ဘာသက်သေအထောက်အထားမှ တွေ့ထားတာမရှိဘဲ တမင်ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိတယ်ဆိုပြီး စွပ်စွဲထားတာတွေလည်းရှိတယ်။ အခုချိန်က AA ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းကနေ ပယ်ဖျက်ပြီးသွားပြီ အဲဒါကို ဘာလို့ အခုလိုအမိန့် ချမှတ်လိုက်တာလဲဆိုတာ ကျွန်မလည်း မသိဘူး” လို့ မိသားစုဝင်တစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံထားရသူတွေဟာ ကိုသန်းနိုင်း၊ကိုဌေးမောင်၊ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုမောင်ကြီးနဲ့ ကိုမောင်ငယ်တို့ ဖြစ်ကြပြီး သူတို့အားလုံးဟာ တောင်ကုတ်ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေကို အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ အပါအဝင် လူသားချင်းစာနာထောက် ထားမှုနဲ့ အညီစစ်ဆေးပေးဖို့အတွက်လည်း မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလနဲ့ ဇွန်လတွေမှာ တောင်ကုတ်မြို့နယ်ထဲကို စစ်ဆင်ရေးကိစ္စနဲ့ ရောက်ရှိ လာတဲ့ ခ.လ.ရ – ၅၁ တပ်က သူတို့တွေရဲ့ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် ဗိုလ်ကြီး အောင်ဝေယံဦးဆိုသူက တရားလိုလုပ်ပြီး တရားစွဲထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.