ရန်ကုန်၊ ဇူလိုင်(၁၃)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အရှေ့တီမောအစိုးရတို့အကြား သံတမန်ရေးအရ နိုင်ငံရေးဆိုင်ရာ ပူးတွဲဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိမယ်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကြာမြင့်ခဲ့တဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုယ်စားလှယ်တို့ အရှေ့တီမောနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စနဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေကို အောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်လို့ ဇူလိုင် ၁၀ ရက်နေ့မှာ NUGက ထုတ်ပြန်လာတာပါ။
ဒါပေမဲ့ ဘယ်လိုမျိုးအချက်တွေကို သဘောတူညီခဲ့ကြတာ၊ ဘယ်လိုကဏ္ဍတွေမှာ ပူးပေါင်းသွားမယ်ဆိုတဲ့ အချက်ကိုတော့ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိခဲ့ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က နှစ်နိုင်ငံသံတမန်ရေးအရ ပူးတွဲဆောင်ရွက်မှုတွေရှိမှာဖြစ်ပြီး ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက်လည်း အင်မတန်မှအကျိုးရှိတဲ့ နိုင်ငံရေးအရ အထောက်အပံ့ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ကျင်းပတဲ့ အရှေ့တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ ၉ ကြိမ်မြောက် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အရှေ့တီမောသမ္မတက တရားဝင်ဖိတ်ကြားခဲ့တာပါ။
သမ္မတနန်းတော်မှာပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့ပြီး သမ္မတအိမ်တော်မှာလည်း သီးသန့်လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
NUG အစိုးရကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တရားဝင်ဖိတ်ကြားပြီး လက်ခံတွေ့ဆုံခဲ့တဲ့ အရှေ့တီမောအစိုးရကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လဆန်းပိုင်းက ကန့်ကွက်ခဲ့တာပါ။
ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ အရှေ့တီမောသံရုံးရဲ့ ယာယီတာဝန်ခံကို စစ်ကောင်စီက ဇူလိုင် ၅ ရက်နေ့မှာ နေပြည်တော်အထိခေါ်ယူပြီး ကန့်ကွက်ကြောင်းနဲ့ နောင်မလုပ်ဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ချက်သမ္မတ နိုင်ငံအစိုးရက ပထမဆုံးအသိအမှတ်ပြုခဲ့တာပါ။
အဲဒီနောက်မှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ အရှေ့တီမောနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒုတိယကြိမ် အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-တီမောသမ္မတရုံး