နေပြည်တော် – ဇူလိုင်(၁၃)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွပ်စွဲထားတဲ့ အမှုတွေထဲက ရဟတ်ယာဉ်ငှားရမ်း၊ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ အဂတိအမှု(၅) မှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ စစ်ဆေးခဲ့ကြတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ(၁၂) ရက်နေ့မှာ စစ်ဆေးခဲ့ကြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က အမှု လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက စွပ်စွဲချက်တွေဟာ ဥပဒေနဲ့ မညီတဲ့အတွက် တရား သေလွှတ်ပေးဖို့ လျှောက်လဲခဲ့ကြပြီး စစ်ကောင်စီကတော့ လွှတ်မပေးသင့်ဘူးလို့ ခုခံခဲ့ပါတယ်။

လက်ရှိမှာတော့ အယူခံနဲ့ အထူးအယူခံတက်နေရတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး အမှုသည်တွေနဲ့ ဆွေးနွေးဖို့လိုအပ်တဲ့အတွက် ရှေ့နေအဖွဲ့က သက်ဆိုင်ရာ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပေမယ့် စစ်ကောင်စီက လက်ခံထားတာမရှိသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က စွပ်စွဲထားတဲ့ အမှုတွေဟာ NLD အစိုးရလက်ထက်က ကယ်ဆယ်ရေး လုပ် ငန်းတွေလုပ်ဆောင်ဆောင်ဖို့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူ ငှားရမ်းတာနဲ့ ပြုပြင်ထိန်းသိမ်း တဲ့ကိစ္စ တွေမှာ အဂတိလိုက်စားတယ်ဆိုပြီး စစ်ကောင်စီက ထောင်ဒဏ်(၇) နှစ် ချမှတ်ထားတာပါ။

စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ အပြစ်မရှိ ဘူးလို့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာ ရုံးထုတ်စစ်ဆေးချိန်မှာ ထွက်ဆိုထားတယ် လို့ သိရပါတယ်။

ဒါ့အပြင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကလည်း ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံတို့ဟာ စည်းမျဉ်း၊စည်းကမ်းတွေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ တရားခွင်မှာ လာရောက်သက်သေထွက်ဆိုထားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံတော်အမြင့်ဆုံးတာဝန်ရှိသူနှစ်ဦးကို စစ်ကောင်စီဘက်က စွပ်စွဲထောင်ချထားတဲ့ အမှုတွေ ထဲက အယူခံနဲ့ အထူးအယူခံတက်ထားတဲ့ အမှုတွေကို လာမယ့် ဇူလိုင်လ(၁၈) ရက်နေ့မှာ ထပ်မံ ကြားနာဖို့ ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.