ရေးချောင်းဖျား၊ ဇူလိုင်(၁၃)

နိုင်ငံ့အာဏာအရပ်ရပ်ကို စစ်တပ်ကသိမ်းယူပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာဖြေရှင်းဖို့ အမြဲတစေဆုပ်ကိုင်ထားတဲ့ မွန်ပြည်သစ်ပါတီ ရပ်တည်ချက်အပေါ် ပြည်တွင်းစစ်ဒဏ် ရိုက်ခတ်လာတဲ့ မွန်လူထုအတွင်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေးတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးမှုမှာ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေ ချမှတ်ထားတဲ့အတိုင်း နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုရပ်တန့်ထားပေမယ့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ကိစ္စရပ်တွေမှာတော့ သဘောတူညီထားတဲ့အတိုင်း ဆက်ဆွေးနွေးသွားမယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြောလာတာပါ။

မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်မူဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းဖို့ အမြဲတမ်းဆုပ်ကိုင်ထားတယ်လို့ မွန်ပြည်သစ်ဗဟိုကော်မတီဝင်တွေက တရားဝင်ပြောဆိုလာတာ ဖြစ်ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းကတော့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီရဲ့ ရပ်တည်ချက်ဟာ စစ်ကောင်စီနဲ့ ယတိပြတ်ဆက်ဆံမှုမဟုတ်နေဘူးလို့ သုံးသပ်ပါတယ်။

“ဗဟိုကော်မတီရဲ့ ရပ်တည်ချက် အတော်အသင့်ပြောင်းလဲလာတယ်လို့ ဆိုလို့ရပေမယ့် စကစအပေါ် ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက် မဟုတ်သေးဘူး။ နိုင်ငံရေးသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်တော့ဘူးလို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီက ဆုံးဖြတ်ခဲ့ပေမယ့်လည်း စကစနဲ့ယတိ ပြတ်ဆက်ဆံမှု မလုပ်တော့ဘူးလို့ မဟုတ်ဘူး။ ဒါကြောင့်မို့ မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်က မြွေမသေ၊ တုတ်မကျိုး ပိုနေမြဲကျားနေမြဲ သဘောအတိုင်းပဲ လောလောဆယ် ဆက်ရှိနေမှာပါ”လို့ သူက ဆိုပါတယ်။

အာဏာသိမ်းစကာလ မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်ဟာ မွန်ဒေသနဲ့ မွန်လူထုအတွင်း စစ်ဘေးကနေကင်းဝေးဖို့ စစ်ကောင်စီနဲ့ တိုက်ပွဲမဖြစ်ရေး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် မွန်လူထုတချို့ ယုံကြည်လက်ခံခဲ့ကြတာပါ။

ဒါပေမဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ တိုက်ပွဲမဖြစ်ရေး ထိန်းသိမ်းထားနိုင်ပေမယ့် နိုင်ငံအနှံနီးပါး တစ်စထက်တစ်စ တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီးဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ခပ်စိပ်စိပ်တိုးဝင်လာနေတာပါ။

ဒီအခြေအနေမှာ မွန်ပြည်သစ်ပါတီအနေနဲ့ တော်လှန်ရေးမှာ မပါဝင်လာသလို စစ်ကောင်စီနဲ့ဆက်ပြီး ဆွေးနွေးနေတဲ့အပြင် စစ်ဘေးသင့်မွန်လူထုတွေပေါ် အကာအကွယ်မပေးနိုင်တာကြောင့် ဒေသတွင်း မွန်လူထုရဲ့ထောက်ခံမှု ပိုပြီးလျော့ကျလာတယ်လို့ မွန်တိုင်းရင်သားအရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

“အထူးသဖြင့် သူ့ကို(မွန်ပြည်သစ်) ထောက်ခံပေးနေတဲ့ မွန်လူထုကလည်း အခုဆိုရင် ထောက်ခံမှုပိုပြီးကျလာတယ်။ ဘယ်မှာသွားပြီးပြောလို့ရလဲဆိုတော့ မွန်တွေနေတဲ့ရွာမှာ တိုက်ပွဲတွေဖြစ်လာရင် မွန်ပြည်သစ်ပါတီ ဘာမှမလုပ်ပေးနိုင်ဘူး။ အလုပ်ပေးနိုင်ဆုံးက စစ်ကောင်စီနဲ့ စာပို့မယ်။ ပြီးတော့ စစ်ပြေးဒုက္ခသည်ကို အလှူ ပေးလိုက်မယ်။ အဲဒီလောက်ပဲ လုပ်ပေးနိုင်တာ။ ဘာအကာအကွယ်၊ ဘာလုံခြုံရေးမှ မလုပ်ပေးနိုင်ဘူး။ အဲဒီအတွက် မွန်လူထုက မွန်ပြည်သစ်ပါတီကို လုံးဝယုံကြည်မှု လျော့ကျစေတယ်။ နောက်ပိုင်းလည်း မွန်ပြည်သစ်ပါတီထောက်ခံနေတဲ့ မွန်လူထုရဲ့ဝန်းရံမှုက ပိုပြီးနည်းလာတဲ့ အခြေအနေတစ်ခု ရောက်လာနိုင်တယ်” လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအနီးဝန်းကျင်တွေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်အင်းအားစုတို့က မော်လမြိုင် – ရေး-ထားဝယ်ကားလမ်းပိုင်းကို ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတာပါ။

လက်ရှိမှာလည်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KNU အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေတာပါ။

အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်တပ်ရဲ့ လေကြောင်းပစ်ကူတိုက်ခိုက်မှုကြောင့် အရပ်သားတွေ နေထိုင်တဲ့ မွန်ကျေးရွာတချို့မှာ ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိနေသလို စစ်တပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် မွန်လူထုတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

မွန်ဒေသခံအမျိုးသမီးတစ်ဦးကတော့ သာမန်မွန်ပြည်သူတွေအနေနဲ့ မွန်ပြည်သစ်ပါတီရဲ့ ဦးဆောင်မှုနောက်ကို လိုက်ရတာဖြစ်ပြီး လက်ရှိအခြေအနေမှာ မွန်ပြည်သစ်ပါတီအပေါ် ယုံကြည်မှုထက် ကိုယ့်ကိုယ်ကိုကာကွယ်နေရတဲ့ အခြေအနေလို့ ဆိုပါတယ်။

“အစပိုင်းမှာ သူတို့က ငါတို့နဲ့မဆိုင်ဘူး။ ပြည်သူတွေ အေးအေးဆေးဆေးနေကြပါ။ ဒါသူတို့အချင်းချင်း(ဗမာ)ဖြစ်တဲ့ ပြဿနာပါ။ ပြောနေတဲ့စကားသံကဆိုရင် အခုကလုံးဝမဟုတ်နေတော့ဘူး။ ပြည်သူတွေ မြင်ကြမှာပါ။ သေချာတယ်။ ပြည်သူတွေကကြောက်တော့ သာမန်ပြည်သူအနေနဲ့ သူတို့မှာ ဘယ်လိုပြောရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာမသိတော့ ဦးဆောင်မှုအပိုင်းကို လိုက်ရတာပဲရှိတယ်။ တကယ်တမ်းစိတ်ထဲမှာ သွားဆွလိုက်ရင် အများကြီးထွက်ပေါ်လာတဲ့ဟာတွေရှိတယ်လို့ ကျွန်မယုံ ကြည်တယ်။ အဲဒီတော့ သူတို့အပေါ် (မွန်ပြည်သစ်) ယုံကြည်မှုထက် ကိုယ့်ကိုယ်ကို ကာကွယ်နေရတဲ့ အခြေအနေဖြစ်တယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလို့ပြောရင် ကိုယ့်ကိုကိုယ်မသေဖို့ ၊ လုံခြုံဖို့ကာကွယ်နေရတဲ့ အခြေအနေဖြစ်တယ်”လို့ သူက ဆိုပါတယ်။

မွန်ပြည်သစ်ပါတီကတော့ စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးခဲ့ရမှုအပေါ် တာဝန်ယူမှု တာဝန်ခံမှုပေးဖို့ မွန်ပြည်နယ်ကောင်စီနဲ့ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်ကို တောင်းဆိုထားပေမယ့် စစ်ကောင်စီဘက်ကနေ လျော်ကြေးငွေထက်ပိုပြီး လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဒေသသံတွေက ဆိုကြပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကောင်စီဝင်တစ်ဦးဖြစ်တဲ့ နိုင်ထောရော့ကလည်း မွန်ပြည်သစ်ပါတီအပေါ် လူထုထောက်ခံမှု လျော့ကျလာပေမယ့် ပါတီရဲ့နိုင်ငံရေးအပြောင်းအလဲ ပြောင်းလဲနိုင်ခဲ့ရင် လူထုရဲ့ထောက်ခံမှု ပြန်လည်ရရှိလာလိမ့်မယ်လို့ ဆိုပါတယ်။

“အရင်က မွန်ပြည်သစ်ပါတီကို ဝိုင်းရံထောက်ခံမှုအားဟာ စစ်အာဏာသိမ်းပြီး ဒီကနေ့အချိန်ထိ လျော့ကျလာတာတော့ မြင်နေရတယ်။ ဒါပေမယ့် မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေးအပြောင်းအလဲတစ်ခုအနေနဲ့ ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် လူထုရဲ့ထောက်ခံမှုကို ပြန်လည်ရရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ သူကထောက်ပြပါတယ်။

မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAO တွေ အားလုံးပါရင် မိမိတို့လည်းပါဝင်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လမှာ လွတ်လပ်သော မွန်သတင်းအေဂျင်စီနဲ့ အင်တာဗျူး ဖြေဆိုခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်လူထုတွေ ကန့်ကွက်နေတဲ့ကြားက မွန်ပြည်သစ်ပါတီကတော့ စစ်ကောင်စီနဲ့ တစ်ဖွဲ့ချင်းအလိုက်ဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ ၆ ကြိမ်အထိ တက်ရောက် ဆွေးနွေးထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.