ပုလော၊ ဇူလိုင်(၁၃)
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် ၄ ဦးရဲ့ နေအိမ်တွေကို ပြည်သူ့ပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က နတ်အိမ်တောင်ရွာရှိ ပျူစောထီးအဖွဲ့ဝင် ဦးဘမောင်ပါ ၄ ဦးရဲ့ နေအိမ် ၄ လုံးနဲ့ ခြံတစ်ခြံကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ချိပ်ပိတ်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
နတ်အိမ်တောင်ကျေးရွာ ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်ထံ သတင်းပေးတာ၊ စစ်ကြောင်းထိုးစဉ် လမ်းကြောင်းပြတာတွေ လုပ်ဆောင်နေတဲ့အတွက် သွားရောက်ရှင်းလင်းဖို့ သွားစဉ် ထွက်ပြေးသွားတဲ့အတွက် နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပျူစောထီးအဖွဲ့ဝင်နေအိမ်တွေ ချိပ်ပိတ်ရတာဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပျုစောထီးအဖွဲ့ဝင်တွေကို သတိပေးတာဖြစ်တယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ချိပ်ပိတ်သိမ်းဆည်းထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို စီမံခန့်ခွဲရေးနည်းလမ်းနဲ့ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပုလောမြို့နယ်က ပျူစောထီးကျေးရွာတွေဟာ တော်လှန်ရေးအင်အားစုတို့ရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားပြီး ပျူစောထီးအမာခံရွာဖြစ်တဲ့ ပုလောကုန်းကျေးရွာမှာ စုပေါင်းနေထိုင်နေကြတယ်လို့ သိရပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ဒေသဖြစ်ပြီး မြို့ပေါ်လောက်သာ စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်တော့တာ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ- ပူရိယက္ခညီနောင်စစ်ကြောင်း