ကျိုက်ထို၊ ဇူလိုင်(၁၃)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာနဲ့မုပ္ပလင်ကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။

စစ်တောင်းဘက်ကနေ ကျိုက်ထိုမြို့ထဲ မောင်းဝင်လာတဲ့ ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဇူ လိုင် ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ပြီးနောက် ကားမောင်းပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း လက်နက်ကြီး ၄၀ မမ ကျည်တစ်လုံးဟာ စစ်ကားတစ်စီး အနောက်အခန်းထဲ တည့်တည့်ထိမှန်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာရှိနိုင်တယ်လို့ သူကဆိုပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ လမ်းဘေးဝဲယာက နေအိမ်တွေဘက်ကို လက်ပစ်ဗုံးအပြင် လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်သွားလို့ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီယာဉ်တန်း မကြာခဏတိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာနဲ့သဲဖြူချောင်းကျေးရွာအနီးမှာ စစ်ကောင်စီလှည့်ကင်းကားနဲ့ စစ်ဆေးရေးဂိတ်တွေ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.