ပေါက် – ဇူလိုင်(၁၂)

မကွေးတိုင်း၊ပေါက်မြို့နယ်မှာရှိတဲ့ ပျူစောထီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁) ရက်နေ့ မနက်ပိုင်းက ပေါက်မြို့နယ် တပ်ကုန်း-ရွာသစ် ပျူရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။

“မနေ့က မနက်ပိုင်းမှာ ဝင်စီးခဲ့တာပေါ့။ သူတို့ဘက်ကထိခိုက်သေဆုံးမှုတွေများတယ်။ ပေါက် ကိုယ်တော်က လက်နက်ထုတ်ပေးမယ်လို့ ပြောခံထားရတဲ့ ဘူးလတ်လှဆွေထုတ်ပေးတဲ့ ဝါးရင်းတုတ်သာ ကိုင်ထားရတဲ့ ပျူတွေကိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့။”မြိုင်ပ.က.ဖ တာဝန်ရှိသူတစ်ဦး က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က ထွက်ပြေးသူတွေများပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျေးရွာကိုသိမ်းပိုက် မီးရှို့ပြီးနောက် လေကြောင်းပစ်ကူပေးခဲ့တာကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ ထိခိုက်မှုတွေရှိခဲ့တာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

တိုက်ပွဲဖြစ်ချိန်နဲ့ ဖြစ်ပွားပြီးချိန်မှာလည်း ပေါက်မြို့ပေါ်က စစ်ကောင်စီတပ်တွေက ၁၂၀-မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျွဲ၊နွားထိခိုက်မှုတွေရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ လက်ချက်ကြောင့် စစ်သား(၅)ဦးနဲ့ ပျူစောထီး(၂၃) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ (၁၀) ရက်ဝန်းကျင်က စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဖမ်းဆီးထားတဲ့ ပြည်သူ (၇) ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ကာကွယ်ရေးတပ်ဘက်က (၃) ဦးမစိုးရိမ်က ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပေါက်မြို့နယ် YRF တပ်ဖွဲ့၊ပခုက္ကူခရိုင် PDF တပ်ရင်း(၁၁/၁၈)၊ PKU Earthquake အဖွဲ့၊ပေါက် ပ.က.ဖ၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့၊ မြိုင် ပ.က.ဖ တပ်ရင်း (၃) တပ်ခွဲ(၂၊၄) က တပ်စိပ်တွေအပြင် ပခုက္ကူမြို့ပြပျောက်ကြားတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်လုပ်သေနတ်(၇) လက်သိမ်းဆည်းရမိခဲ့တယ်သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင် ပ.က.ဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.