ထိုင်းနိုင်ငံအစိုးရက ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် တရားမဝင် အလုပ် လုပ်ကိုင်နေသူတွေနဲ့ နေထိုင်သူတွေအတွက် အလုပ်လုပ်ကိုင်ခွင့်နဲ့ သက်သေခံကတ် လျှောက်ထားကြဖို့ ကြေညာချက် တစ်စောင်ထုတ်ပြန်ပါတယ်။ ဒါကြောင့် ထိုင်းအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်၊ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုအခြေအနေ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း(LRF) ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး ထိုင်း-မြန်မာနယ်စပ်ကနေတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားမဝင် ဝင်ရောက်လာမှု အခြေအနေနဲ့ ဖမ်းဆီးခံရမှု အခြေအနေတွေ ဘယ်လိုရှိနေသေးလဲ။

ကျွန်တော်တို့ ကြားသိနေရတော့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာက အရင်လောက်တော့ မစိပ်တော့တဲ့ လက္ခ ဏာကို တွေ့နေရတယ်။ လုံးဝရပ်ဆိုင်းသွားတဲ့ အနေအထားမဟုတ်ဘူး။ ကျွန်တော်တို့ ဒီသတင်းတွေကို အားလုံးမသိနေရတဲ့ အကြောင်းအရင်းက  ထိုင်းမြန်မာနယ်စပ်ထိစပ်နေတဲ့ နယ်နိမိတ်က ကီလိုမီတာ နှစ်ထောင် ကျော်လောက်ရှည်လျားနေလို့ ရွေးချယ်စရာနေရာ လမ်းကြောင်းအသစ်တွေလည်းရှိတော့ လွတ်မြောက်လာတာ တွေလည်းရှိမယ်။ လမ်းဟောင်းအတိုင်းသွားလို့ အာဏာပိုင်တွေရဲ့ စစ်ဆေးအရေးယူတာတွေလည်း ရှိနေနိုင်တယ်။

လုံးဝရပ်ဆိုင်းသွားတဲ့ အနေအထားမျိုးမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ လုံခြုံမှုမရှိတာတွေ ရှိတဲ့အတွက် နယ်စပ်ဖြတ်ကျော်မှုက ပုံမှန်အတိုငးသွားရောက်နေတဲ့ အနေအထား ဖြစ်ပါတယ်။ လွတ်မြောက်လာတဲ့သူကို ကျွန်တော်တို့ မသိရှိနိုင်ဘူး။ နယ်စပ်တွေမှာ ရှောင်တခင်အာဏာပိုင်အဖွဲ့ အစည်းတွေက ဖမ်းဆီးလိုက်လို့ မိသွားတဲ့သတင်းတွေ ပေါ်ထွက်တာနည်းတဲ့အခါ ဝင်ရောက်တာနည်းတယ်လို့ ကျွန်တော်သုံးသပ်တာပါ။

 ၂။ ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဘက်က ဇူလိုင်(၅)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြပြောပြပေးပါဦး။

ပထမအကြိမ်ထွက်ထားတာရှိတယ်။ ဇွန်လ၆ရက်မှာ။ ဒီတစ်ကြိမ်ထွက်တာကိုတော့ ပိုပြီးကျေနပ်အားရမှု ရှိတယ်။ ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ သက်တမ်းတိုးလို့မမီတဲ့ ဖြေလျော့တဲ့အနေနဲ့ထပ်ထွက်လာတာက ဇူလိုင်လ ၃၁ရက်မတိုင်ခင်အထိ အဲဒီလူတွေကို နေထိုင်ခွင့်လည်းပေးမယ်။ အလုပ်လုပ်ခွင့်လည်းပေးမယ်။ ပြီးရင် MOU လုပ်သားများ လေးနှစ်ငါးနှစ်ရှိတဲ့သူတွေလည်း ဗီဇာသက်တမ်းကုန်ရင် အလုပ်လုပ်ခွင့်သက်တမ်း ကုန်နေရင်လည်း အလုပ်ရှင်နဲ့ အလုပ်လုပ်ခွင့်ပြုမယ်။ နေထိုင်ခွင့်ပြုမယ်။ ဇူလိုင်၃၁မတိုင်ခင်မှာတော့ အလုပ်ရှင်ကနေ ထိုင်းအလုပ်သမားဝန်ကြီးဌာနဆီမှာ အလုပ်ခေါ်စာတွေတင်ရမယ်။

အဲဒါပြီးရင်တော့ MOU လုပ်သားတွေ နေရပ်ပြန်ရမယ်။ တရားဝင်သက်တမ်းတိုးရမယ်။ ဒီနိုင်ငံထဲမှာနေရင်တော့ ဇူလိုင်၃၁အထိ သက်တမ်းတိုးရမယ်လို့ ပထမအမိန့်က အဲဒီလိုလာတာ။ အထောက်အထားမရှိသူတွေ အတွက် ပါမလာတော့ အဲဒီအမိန့်က သိပ်မထူးသေးဘူး။ အခုထပ်ထွက်တဲ့ အမိန့်ကပိုပြည့်စုံလာတယ်။ ထိုင်း နိုင်ငံတွင်းမှာရှိသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားအလုပ်သမားများ အလုပ်ရှင်ဆီမှာ စာရင်းဆက်လက် တင်ရမယ်။ အလည်ဗီဇာနဲ့ရောက်လာပြီး နေရပ်မပြန်ရသေးသူများ အလုပ်လုပ်လို့ရအောင် သူဌေးရအောင်ရှာပြီး သူဌေးဆီမှာ တင်ရမယ်။ အထောက်အထားမဲ့သူတွေလည်း အလုပ်ရှင်ရှာပါ။ အလုပ်ရှင်ဆီ နာမည်စာရင်း ပေးသွင်းပါ။ထိုင်းအလုပ်သမားဝန်ကြီးဌာနဆီမှာ မှတ်ပုံတင်လျှောက်ထားပါ။

အခုကျွန်တော်ပြောလိုက်တာတွေ အားလုံးဇူလိုင်လ၃၁ရက်မတိုင်ခင် အလုပ်ရှင်ကနေမှ အလုပ်သမားဝန်ကြီး ဌာနတွေဆီ လျှောက်လွှာတင်ဖို့ပဲပြောတာ။ လျှောက်လွှာကို လက်ခံကြောင်း လက်မှတ်ရလာရင် အဖမ်းအဆီး မရှိပဲ နေထိုင်ခွင့်ပြုမယ်။ တရားဝင်နေထိုင်ချင်တယ်ဆိုရင် အလုပ်ရှင်ရအောင်ရှာ၊ အလုပ်ရှင်ကနေ ထိုင်းအစိုးရ ကို လျှောက်လွှာတင်လိုက်ပါ။ ဒါပဲပါပါသေးတယ်။

၃။ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လတ်တလောမှာ သူတို့တွေ ဘယ်လိုအခက်ကြုံနေရတာရှိလဲ၊ အခက်ကြုံနေရတဲ့ MOU လုပ်သားတွေအတွက် ဘယ်လိုကူညီလုပ်ဆောင်ပေးနေတာတွေရှိလဲ။

အစောပိုင်းက ထိုင်းအစိုးရက ထွက်ထားတဲ့အမိန့်ကြောင့် အားလုံးက ရောဂါတွေလည်း ကပ်ရောဂါကလည်း ကင်းရှင်းသွားလို့ နေရပ်ကိုပြန်၊ အသစ်စာချုပ်ချုပ်ဖို့ အမိန့်ထုတ်တော့ အဲဒါတွေက အလုပ်သမားတွေအတွက် ပြဿနာပေါ့။ တချို့ကလည်း နေအိမ်မရှိတော့တာ၊ တချို့က မိသားစုမရှိတော့တာ။ အဲဒါ MOU လုပ်သားတွေ အတွက် အဓိကပြဿနာပဲ။ ထိုင်းအစိုးရက သတ်မှတ်ထားတာက ထိုင်းအစိုးရအသိအမှတ်ပြု တရားဝင်စာရွက် စာတမ်းမရှိတဲ့ အလုပ်သမားတွေကို ငှားရမ်းအလုပ်လုပ်တာ တွေ့ရှိပါက ဒဏ်ငွေနှစ်သိန်းနဲ့ ထောင်ဒဏ်တွေပါ ကျခံရမှာတွေရှိတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အထောက်အထားလည်းမရှိသူတွေအတွက် စားဖို့က လည်းမရှိ၊ အလုပ်ကလည်းမရှိဆိုတော့ အဲဒါက အထောက်အထားမဲ့တွေအတွက် ဆိုးဝါးတဲ့ပြဿနာပါ။

၄။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

ကျွန်တော်တို့သိထားတာက ဒီလိုမျိုးအမိန့်မျိုးက အစိုးရအသစ်ဖွဲ့စည်းပြီးကာမှ၊ လွှတ်တော်တွေခေါ်ပြီးကာမှ ဥပဒေတွေမူဝါဒတွေ ထုတ်ပြီးကာမှ ထွက်ပေါ်လိမ့်မယ်လို့ ထင်ခဲ့သော်လည်းအခု အိမ်စောင့်အစိုးရကနေ လတ် တလောဖြစ်ပေါ်နေတဲ့ ထိုင်းရွှေ့ပြောင်းအလုပ်သမားအရေးကို အလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့ အစည်းပေါင်းစုံက သွားရောက်ပြီး  အကြံပြုတာတွေ၊ ထောက်ပြတာတွေ နားလည်သဘောပေါက်လို့ အလျင် အမြန်အခုလို ဆုံးဖြတ်ပေးခဲ့လို ဒီအခွင့်အရေးရတုန်း ထိုင်းနိုင်ငံမှာရှိတဲ့  တရားမဝင်ရော၊ MOU ရော အစိုးရက ထုတ်ပြန်လာတ့အတိုင်း စနစ်တကျ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အလုပ်ရှင်နဲ့ ပူးတွဲလုပ်ပြီး ဒီအခွင့် အရေးကို လက်လွှတ်မခံဖို့ဗျာ။

နောင်တချိန် အထောက်အထားမဲ့တွေကို အကြိမ်ကြိမ်လုပ်ဖို့က ထိုင်းနိုင်ငံကလည်း သိပ်အခြေအနေရှိမှာ မဟုတ်ဘူး။ ဒီတချိန်မှာတော့ အမှန်အကန်ဆုံးနည်းလမ်းနဲ့ တရားဝင်စာရွက်စာတမ်းတွေ ရရှိအောင် အမြန်ဆုံးကြိုးပမ်းဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.