ရေဖြူ၊ ဇူလိုင်(၁၂)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ မနက်အစောပိုင်းကစပြီး တပ်အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက နဘုလယ်ဒေသထဲ ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲဟာ နေ့လယ်ပိုင်းအထိ အပြန်အလှန်ပစ်ခတ်တာတွေ ရှိနေပေမယ့် ထိခိုက်ဒဏ်ရာရတာ အပါအဝင် တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအဆိုအရ စစ်ကောင်စီစစ်ကြောင်းဟာ ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကို သွားဖို့ဖြစ်နိုင်ပြီး စစ်သင်္ဘောတစ်စီးကလည်း ဘဝါကမ်းခြေမှာ ကျောက်ချထားတယ်လို့ ပြောပါတယ်။

နဘုလယ်ဒေသထဲ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ထိန်ကြီး၊ ဧကနိ၊ လဲရှောင်၊ ခမောက် ချောင်း၊ ဝင်ချောင်းစတဲ့ကျေးရွာတွေက ဒေသခံ ၁၀၀၀ နီးပါးထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကလည်း နဘုလယ်ဒေသ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးက ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.