စစ်တွေ၊ ဇူလိုင်(၁၂)

တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားတဲ့ အာဏာသိမ်းစစ်တပ်အနေနဲ့ တပ်တွင်းစည်းလုံးမှုမပြိုကွဲစေရေး အထူးဂရုစိုက်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရဲ့ရခိုင်ခရီးစဉ်မှာ ထပ်မံမှာကြားခဲ့တယ်လို့ ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့က ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့တဲ့ သူရဲ့ခရီးစဉ်မှာ ရသေ့တောင်နဲ့ဘူးသီးတောင် တပ်နယ်ရှိ အရာရှိ၊ စစ်သည်တွေအပါအဝင် တပ်မိသားစုဝင်တွေနဲ့တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က တပ်တွင်းစည်းရုံးဖို့ ထပ်မံသတိပေးခဲ့ရတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က ရခိုင်မှာရှိတဲ့ စစ်သားတွေအနေနဲ့ ဒေသခံတွေနဲ့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ အပြန်အလှန် အကျိုးဆောင်ဖို့လိုပြီး တပ်တွင်းတပ်ပြင် စည်းလုံးမှုရှိဖို့ ကြိုးပမ်းဆောင်ရွက်ဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်သားတွေအနေနဲ့လည်း တိုင်းပြည်ကာကွယ်ဖို့အတွက် စစ်အတတ်ပညာတွေကို တတ် မြောက်ကျွမ်းကျင်အောင် လေ့ကျင့်ထားဖို့နဲ့ အရက်သေစာသောက်စားမှုတွေကို ထိန်းသိမ်းဆောင်ရွက်ကြဖို့ မှာကြားခဲ့တာပါ။

စစ်ခေါင်းဆောင်ရဲ့ ဒီခရီးစဉ်ဟာ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ် လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ဒီခရီးစဉ်မှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့ ကတိပြုသွားတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့တိုင်းနဲ့ပြည်နယ်ခရီးစဉ်တွေမှာ အရာရှိ၊ စစ်သည်တွေအပါအဝင် တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံတိုင်း တပ်တွင်းစည်းရုံးကြဖို့ အမြဲလိုမှာကြားနေရတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်သို့ လာရောက်ခဲ့တဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ခရီးစဉ်မှာလည်း တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲအောင်နဲ့ တပ်အင်အားချည့်နဲ့အောင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ကြိုးပမ်းနေကြတယ်လို့ စွပ်စွဲထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.