လွိုင်ကော် – ဇူလိုင်(၁၂)

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ကို စစ်ကောင်စီတပ်က ပင်လောင်း-ဖယ်ခုံလမ်းက တဆင့် တောက်လျှောက်အင်အားဖြည့်တင်းနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ပင်လောင်းကနေ လွိုင်ကော်အထိ စစ်ကားအစီး(၆၀) ကျော်အထိ အင်အား ဖြည့်တင်းတာတွေလုပ်နေပြီး အဲ့ဒီစစ်ကြောင်းမှာ အင်အားအရေအတွက်နဲ့ ဘယ်တပ်ရင်းတွေ ပါလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

စစ်ကောင်စီဟာ ပြည်ထောင်စုလမ်းမကြီးကိုသုံးပြီး နှစ်ပတ်တစ်ကြိမ် တပ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းတာတွေရှိနေသလို အခုလို တပ်အင်အားဖြည့်တင်းတာဟာ လွိုင်ကော်မြို့ပေါ်အထိ တော်လှန်ရေးတပ်တွေမရောက်လာနိုင်အောင် ကာကွယ်ဖို့ ဖြစ်နိုင်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ကိုဂျူလိုင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က လွိုင်ကော်ဘက်ခြမ်းကို ပြန်ကာကွယ်ဖို့နဲ့ မြို့သိမ်းတိုက်ပွဲတွေ လုပ်မှာကို ကြောက်နေတဲ့အတွက် တပ်တွင်းမိသားစုတွေကိုလည်း နေရာပြောင်းရွှေ့တာတွေ ရှိနေတယ်လို့ သူက ပြောပါသေးပါတ​​ယ်။

အခုချိန်မှာတော့ ကယားပြည်နယ် ဖားဆောင်းနဲ့ ဘော်လခဲဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့မကြာခဏ လာရောက်တိုက်ခိုက်မှုတွေ ရှိနေသလို ထိုင်း – ကယားနယ်စပ်ဖြစ်တဲ့ မယ့်စဲ့က စခန်းတွေကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားတာတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲဖော်ဆောင်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေတွေကြောင့် ကယားပြည်နယ် မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမယ့် အခြေအနေရှိနေတယ်လို့ တော်လှန်ရေးအင်အားစု တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ခုခံတော်လှန်စစ်အားကောင်းတဲ့ ကယားပြည်နယ်မှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပြီး တိုက်ပွဲပေါင်း (၇၂၉) ကြိမ်အထိဖြစ်ပွားခဲ့ပြီး ၂၀၂၃ ခုနှစ်အစောပိုင်းမှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန် နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.