ကျိုက်ထို၊ ဇူလိုင်(၇)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီ တောင်တက်လမ်းရှိ တံတားတစ်စင်းဟာ ဇူလိုင် ၆ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထီးရိုးတောင်တက်ကားလမ်း ၁၀ မိနစ်စခန်းအကျော်က လေးဖာတောတံတားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ပေ ၇၀ လောက် ရှည်တဲ့ လေးဖာတောတံတား ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။

လေးဖာတောတံတား ဖျက်ဆီးခံရတာကြောင့် တက်ကားတွေသွားလာလို့ မရတော့သလို ကျိုက်ထီးရိုးတောင်ပေါ်မှာရှိနေတဲ့ ဘုရားဖူး ၂၀၀ ကျော်နဲ့ တောင်ပေါ်နေသူတွေ ကင်မွန်းချောင်းဘက်ကို ပြန်ဆင်းဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကျိုက်ထီးရိုးတောင်ပေါ်နေရာတချို့မှာ တပ်စွဲနေထိုင်တာ၊ တောင်တက်လမ်းကို အသုံးပြုပြီး ရိက္ခာနဲ့လက်နက်သယ်ယူတာတွေ လုပ်ဆောင်နေတဲ့အတွက် မိုင်းခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာနားရှိ ရန်ကုန်-မော်လမြိုင်လမ်းပေါ်က ကျုံအိတ်တံတားကို မိုင်းခွဲဖျက်ဆီးထားပါတယ်။

ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးမှုဟာ စစ်ရေးအရ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.