ကရင်အမျိုးသမီးအစည်းအရုံး KWO ရဲ့ (၈)ကြိမ်မြောက်ညီလာခံကို ဇွန်လ(၂၉)ရက်နေ့ကနေ ဇူလိုင်လ (၁) ရက်နေ့အထိ ဗဟိုအထူးဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ ပြီးခဲ့တဲ့(၆)နှစ်တာအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်တွေရဲ့ အားသာချက်၊ အားနည်းချက်နဲ့ စိန်ခေါ်မှုတွေကို ပြန်လည်သုံး သပ်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မူဝါဒပေါ်လစီတွေကို ပြင်ဆင်ဖြည့်စွက်၊ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်တာ၊ မဟာဗျူဟာချမှတ်တာနဲ့ ရှေ့လုပ်ငန်းစဉ်တွေချမှတ်တာ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ကရင်အမျိုးသမီးတွေ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုမှာ ပိုမိုပါဝင်လာနိုင်ဖို့ အကောင်အထည်ဖော်တာ ကို ဆွေးနွေးသဘောတူခဲ့ကြပြီး ဒီလိုလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ လူငယ်အမျိုးသမီးခေါင်းဆောင်တွေအတွက် နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားဖို့လည်း ညီလာခံမှာ သဘောတူဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် ညီလာခံမှာဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေ၊ သဘောတူဆုံးဖြတ်မှုတွေ၊ အမျိုးသမီးအရေး ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကရင်အမျိုးသမီးအစည်းအရုံး KWO ဒုတိယ ဥက္ကဌ နော်စေးစေးဟဲကို ဆက်သွယ်မေးမြန်းချက်။
၁။ အရင်ဆုံးညီလာခံမှာ လူငယ်အမျိုးသမီးတွေအတွက် နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်သွားဖို့ သဘောတူဆုံးဖြတ်တယ်လို့ ပါရှိပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောပေးပါဦး။
ဆုံးဖြတ်ချက်ချတဲ့နေရာမှာ သူတို့ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် သူတို့ရဲ့စွမ်းရည်တွေရှိအောင်လို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်နိုင်အောင် သူတို့ကို စွမ်းရည်မြှင့်သင်တန်းတွေ ပေးနေတာပါ။ နိုင်ငံရေးစွမ်းရည်မြင့် သင်တန်းက ဒီမိုကရေစီသင်တန်းတွေက တချို့လူငယ်ခေါင်းဆောင်တွေက တက်ပြီးသွားပြီ။ ဒါပေမယ့် မတက်ရတဲ့ သူတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေ၊ ဒီမိုကရေစီသင်တန်း၊အခုလက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းသင်တန်းတွေ ပေးဖို့ပါ။
၂။ ကရင်အမျိုးသမီးအစည်းအရုံး KWO က နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေကို ပံ့ပိုးကူညီမယ်လို့ ပါရှိပါတယ်။ အဓိကဘယ်လို ပံ့ပိုးဆောင်ရွက်သွားမှာလဲ။
ဒီနိုင်ငံရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေက တချို့ကမိခင်တွေ ဖြစ်ကြတဲ့အတွက် ဒီနိုင်ငံရေးမှာပါရင် သူတို့အတွက်စွမ်းရည် သူတို့စွမ်းရည်လိုအပ်မလား ပံ့ပိုးပေးမယ်။ တစ်ကိုယ်ရည်လိုအပ်ချက်တွေလည်း လိုအပ်ရင် လိုအပ်သလို ကူညီသွားမယ် ။ လူငယ်အမျိုးသမီးခေါင်းဆောင်တွေက လိုအပ်ရင် ကူညီတယ်။ ရွေးကောက်ပွဲတွေမှာပဲဖြစ်ဖြစ်၊ တခြားနေရာမှာဝင်ပြိုင်ရင် အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဝင်ရောက်အောင် ကျွန်မတို့ကရင်အမျိုးသမီးအစည်းအရုံးအနေနဲ့က အတည်ပြုထားတယ်။ ကိုယ့်ရဲ့တတ်နိုင်သလောက် ပံ့ပိုးကူညီသွားမယ်။
-အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဘယ်လောက်အထိ အရေးကြီးပါသလဲ။
အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်။ ကျွန်မတို့အလုပ်လုပ်ရင် ပြည်သူလူထုအတွက်ပဲ ဖြစ်ဖြစ် အမျိုးသမီးက အရမ်းအရေးကြီးတယ်။ ပညာရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်စေ၊ အမျိုးသမီးပဲအမြဲ တမ်းပါဝင်ရတယ်။ အမျိုးသမီးတွေရဲ့ခံစားချက်တွေ၊ လိုအပ်ချက်တွေကို အမျိုးသမီးတွေပဲသိတယ်။ အဲဒါ ကြောင့် အမျိုးသမီးတွေက ပါဝင်ကိုပါဝင်ရမယ်။ အရေးကြီးတယ်နေရာတိုင်းမှာ။
-အမျိုးသမီး၊ ကလေးငယ်အခွင့်အရေးမြှင့်တင်ကာကွယ်ပေးနိုင်မယ့်ဥပဒေ တရားမျှတမှုစနစ်ကို ပိုမိုအားကောင်းဖို့ စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ ဆိုထားတယ်။ ရှင်းပြပေးပါဦး။
စည်းရုံးလှုံ့ဆော်တာတွေ လုပ်တော့လုပ်သွားမယ်။ အမျိုသမီးတွေက များသောအားဖြင့် မိခင်တွေဖြစ်ကြတယ်။ မိခင်မဖြစ်သေးသူတွေဆို နိုင်ငံရေးရော၊ ကျန်းမာရေးပိုင်းမှာရော အရမ်းအားနည်းတယ်။ ဘာလို့လဲဆို စစ်ဖြစ်နေတော့ စစ်ပွဲဖြစ်ရင် များသောအားဖြင့်ခံစားနေရတာ အမျိုးသမီးပဲ။ ထွက်ပြေးရတယ်။ ကလေးတွေကိုကြည့် ရတယ်။ အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ကိစ္စလုပ်ဖို့ စည်းရုံးလှုံဆော်တဲ့အခါမှာ အမျိုးသမီးတွေအတွက် ဘယ်လိုပုံစံရှေ့ဆက်သွားနိုင်မလဲ။ အမျိုးသမီးတွေက ဘယ်လိုမျိုးရပ်တည်နိုင်မလဲဆိုတာ စည်းရုံးလှုံဆော်တဲ့အခါ ကျွန်မတို့ကထည့်သွင်းစဉ်းစားဖို့လိုမယ်။
– လူသားချင်းစာနာမှု ကူညီရေးဆိုင်ရာ ပေါ်လစီအသစ်တစ်ခု အတည်ပြုတယ်။ ရှင်းပြပြောပြပေးပါဦး။
လူသားချင်းစာနာမှုလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်သွားမလဲ။ KWO အနေနဲ့ လူသားချင်းအကူအညီတွေ လုပ်ဆောင်ပေးမှုတွေက ဘာတွေလဲ။ ပြောပြပါ။လူသားချင်းစာနာထောက်ထားမှုပေါ်လစီက ကျွန်မတို့မှာ အရင်ကရှိထားတယ်။ ဒါပေမယ့် ဒီလူသားချင်းစာနာမှု ပေါ်လစီကိုတော့ မထည့်သွင်းထားဘူး။ ထုတ်ပြန်ချက်အနေနဲ့ပဲထားတယ်။ ဒါပေမယ့် အခုပေါ်လစီထဲမှာ အဲဒီအချက်ကို ပြန်ထည့်ထားတယ်။ ဘာလို့ပြန်ထည့်ထားလဲဆို အခုလူသားချင်းစာနာထောက်ထားတဲ့ လူငယ်တွေ က များသောအားဖြင့် ထောက်ပံ့ကြေးတွေ ကူညီမယ်ဆိုရင် လိုအပ်ချက်တွေ တအားများတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုရင် ကရင်ပြည်နယ်ပဲဖြစ်ဖြစ်၊ လူသားချင်းစာနာမှုထောက်ပံ့ကြေးတွေမထပ်ဖို့ နောက်တစ်ခုက လူသားချင်းစာနာမှုထောက်ပံ့တယ်ဆိုရင် ပြည်တွင်းက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးမေးမြန်းဖို့ ကိုယ့် ဘာသာတိုက်ရိုက်မဝင်ပဲ လူထုတွေက ဘာတွေလိုအပ်လဲ။ ကျွန်မတို့ ဒီပေါ်လစီမချထားဘူးဆိုရင် လူထုတွေ ရဲ့ လိုအပ်ချက်ကို တကယ့်အလှူရှင်ကမသိနိုင်ဘူး။ လူထုတွေဆီ တိုက်ရိုက်ရောက်ဖို့ လူသားချင်းစာနာမှု ပေါ်လစီမှာပါသွားဖို့ ကျွန်မတို့ထည့်ထားတယ်။ နောက်တစ်ခုက လူသားချင်းစာနာမှု အကူအညီကို အခုက စစ်ပွဲတွေက အခြေအနေအရမ်းဆိုးတယ်။ တိုက်ပွဲတွေက အရမ်းဖြစ်နေသေးတယ်။ ကျွန်မတို့ ကရင်ပြည်နယ်မှာ ခရိုင်၇ခုရှိတယ်။ တိုက်ပွဲတွေက ရပ်သွားတာမရှိဘူး။ ပြည်သူလူထုက ထွက်ပြေးနေရတယ်။ ဒုက္ခသည်တွေကိုတော့ လိုအပ်ရင်လိုအပ်သလို ရှေ့ဆက်ပြီးကူညီဖို့ရှိတယ်။
-KNU နယ်မြေမှာ စစ်ဘေးရှောင်တွေရဲ့ အခြေအနေဘယ်လိုရှိလဲ၊ အထူးသဖြင့် အမျိုးသမီးကလေးငယ် ကိုယ်ဝန်ဆောင်မိခင်ပေါ့။ လက်ရှိမှာ မိုးတွင်းဆိုတော့ ကျန်းမာရေးပြဿနာ အခက်အခဲ ကူညီလိုအပ်ချက် ဘာတွေရှိမလဲ။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်စခန်းတွေအတွက်ဆို အခုမိုးတွင်းကလည်း ဖြစ်တယ်။ ကိုယ့်အိုးအိမ် ကိုလည်း မပြန်ရဲကြဘူး။ ပြန်ဖို့ကလည်း အဆင်မပြေဘူးပေါ့။ အခုချိန် မိုးရာသီမို့ လေယာဉ်က မလာတော့ဘူး ။ ဒါပေမယ့်အခုချိန်ထိ လေယာဉ်ကလာပစ်သေးတယ်။ လူထုတွေက ထွက်ပြေးနေရတယ်။ ထွက်ပြေးနေရ အချိန် အခုကမိုးကရွာတော့ ကလေးတွေက ငှက်ဖျားပိုးနဲ့ ပတ်သက်တဲ့ ရောဂါခံစားနေရတယ်။ ကျန်းမာရေး ဝန်ဆောင်မှုကလည်း ကောင်းကောင်းမရဘူး။ အခုကမိုးကလည်း အရမ်းရွာတယ်။ လမ်းခရီးကလည်း သွားရတာဝေးတယ်။ မိခင်တွေကလေးတွေဆို ခြင်ထောင်တွေက မလုံလောက်ဘူး။ ခြင်ထောင် ထောင်ဖို့ကလည်း အဆင်မပြေဘူး။ ကျင်းထဲမှာအိပ်ရတယ်။ တောကြိုအုံကြားထဲမှာ အိပ်ရတော့ ခြင်ကကိုက်တော့ ငှက်ဖျား ရောဂါကိုခံစားနေရတယ်။ အစားအသောက်ကလည်း လုံလောက်မှုမရှိဘူး။ ကျန်းမာရေးကလည်း လုံလောက်မှု မရှိဘူး စစ်ရှောင်စခန်းထဲမှာ။
– နောက်ဆုံးအနေနဲ့ တခြားဖြည့်စွက်ပြောချင်တဲ့အချက်ရှိရင် ပြောပေးပါ။
ရွေးကောက်ပွဲပြီးတာနဲ့ ကျွန်မတို့ဆက်လုပ်ရမှာက လေးနှစ်တာဆက်လျှောက်ရမယ့်ခရီးက အရမ်းကြမ်းတမ်းတယ်။ အခုက နိုင်ငံရေးအခြေအနေက တည်ငြိမ်မှုမရှိဘူး။ ပြည်သူလူထုက လက်တွဲညီဖို့လိုတယ်။ စစ်ကောင်စီကို တိုက်ဖျက်ဖို့ရာအတွက် ပြည်သူလူထုက လက်တွဲညီဖို့လိုတယ်။ နယ်စပ်မှာရှိတဲ့ အရပ်ဖက်အဖွဲ့တွေရဲ့ အသံကိုလည်း နားထောင်ဖို့လိုမယ်။ ထောက်ပံ့မှုတွေလာရင် နယ်စပ်ကအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့ အတွက်လိုတယ်။ ကျွန်မတို့ လေးနှစ်တာမှာ ခရီးကကြမ်းတမ်းမယ်။ လူထုတွေကို ကူညီရဦးမယ်။ ကလေးတွေကို ကူညီရဦးမယ် ရှေ့ဆက်ပြီး။