လွိုင်ကော် – ဇူလိုင်(၁)

အမျိုးသားညီညွတ်ရေးအစိုးရ NUGနဲ့ ပူးပေါင်းပြီး နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ) KNPLF က ဒီနေ့ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။

အရင်ကထောက်ထားရတဲ့ အကြောင်းအရာတချို့ကြောင့် တစိတ်တပိုင်း လျှို့ဝှက်ဖုံးကွယ်ကာ ဆောင်ရွက်ခဲ့ရတဲ့ နွေဦးတော်လှန်ရေးဆိုင်ရာ လုပ်ငန်းတွေကို တရားဝင်အတိအလင်းဆောင်ရွက် သွားတော့မှာဖြစ်တယ်လို့ အသိပေးလာတာပါ။

လက်ရှိမှာတော့ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုအသီးသီးက ခုခံတော်လှန်တိုက်ပွဲဝင်နေကြသလို KNPLF အနေနဲ့လည်း ကရင်နီစစ်မျက်နှာကနေ ပြတ်ပြတ်သားသားတိုက်ခိုက် သွားမှာဖြစ်တယ်လို့ ပြောဆိုလာတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး KNPLF တပ်တွေဟာ နေရာမျိုးစုံ၊အနေအထားမျိုးစုံကနေ အတိအလင်းနဲ့ သိုသိုသိပ်သိပ် တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ပါဝင်ကူညီခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၄) ရက်နေ့က စစ်ကောင်စီ BGF ယူနီဖောင်းကိုစွန့်ပယ်ပြီး KNPLF ယူနီဖောင်းကို ပြန်လည်ဝတ်ဆင်ကာ တခြားတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ KNDF၊KA ပူးပေါင်းတပ် တွေနဲ့ စစ်ကောင်စီရဲ့ မယ်စဲ့ရဲစခန်း၊ဗျူဟာကုန်းနဲ့ နယ်စပ်တပ်စခန်းတွေ ကိုသိမ်းပိုက်ပြီး တော်လှန်ရေးမှာပါဝင်လာတာဖြစ်ပါတယ်။

KNPLF တပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ် မေလအစောပိုင်းက (န.အ.ဖ) စစ်အစိုးရနဲ့ အပစ်ရပ်ပြီးနောက် စစ်တပ်ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့(BGF) အဖြစ်အသွင်ပြောင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNPLF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.