မော်လမြိုင် – ဇူလိုင်(၁)

လက်နက်ကိုင်လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ KNU နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ KNLA/PDF ပူးပေါင်းတပ်တွေနဲ့ မွန်ပြည်အခြေပြု တော်လှန်ရေးတပ်တွေကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့တာပါ။

ဒီအခြေအနေတွေကြောင့် စစ်ကောင်စီဘက်က ဘီးလင်းမြို့နယ်အတွင်းက ကျေးရွာတချို့ကို စစ် ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

“လောလောဆယ်စစ်ကြောင်းက အဲဒီနဲ့မနီးမဝေးမှာ စစ်ကြောင်းထိုးနေတယ်။ ဘီးလင်းမြစ် အရှေ့ဘက်က ရွာတွေပေါ့။ ကားလမ်းနဲ့ ခရိုင်ချင်းဆက်လမ်းပေါ့။ ရွှေရောင်ပြကနေပြီးတော့ ဟိုးဘက်ကို ကြက်ခြေခတ်ဘက်ကို သွားတဲ့လမ်း အဲဒီဘက်မှာ အခုဆိုလို့ရှိရင် စစ်ကြောင်းထိုးနေတဲ့အခါကျတော့ ဒီမနက်က ထိတွေ့မှုတချီတော့ ဖြစ်လာတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ မြေပြင်အ သေးစိတ်မရသေးဘူး။ သူတို့ဆက်ပြီးတိုးလာရင်တော့ ကျွန်တော်တို့တွေက ဒီတံတားလုပ်ပြီး အမြဲ တမ်းသတိအနေအထားမှာရှိတယ်။ စစ်ရေးအပေါ်မှာ သူတို့လာမယ်ဆိုတာလည်း ခန့်မှန်းလို့ရပြီးသားပဲ။ အဲဒါကြောင့်မို့ သူတို့ကို ကျွန်တော်တို့က ကြိုတင်ပြီးတော့ ပြင်ဆင်မှုတွေ လုပ်ထားပြီးသားပဲ။ သူတို့ဆက်တိုးလာရင်လည်း ဆက်တိုးသလိုပဲ တိုက်ပွဲကတော့ ဖြစ်လာမှာပဲ”လို့ သူက ဆိုပါတယ်။

ဇွန်လ(၂၉) ရက်နေ့က တံတားမိုင်းခွဲခံရတဲ့ဖြစ်စဉ်အတွင်း တပ်နယ်မှူးဗိုလ်မှူးကြီး အောင်အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်၊ ရဲအပြင် ဌာနဆိုင်ရာတာဝန်ရှိသူ (၂၆) ဦးလောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ (၄) ဦးထက်မနည်းရှိခဲ့တာပါ။

ရေးမြို့နယ်မှာလည်း ဇွန်လ(၂၅) ရက်ကနေ့ (၂၈) ရက်နေ့အထိ လေးရက်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ် ပွားခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နှစ်ကရင်ရွာကဒေသခံ (၃) ဦးသေဆုံးထားသလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ နှစ်ကရင်ရွာထဲ စခန်းချလှုပ်ရှားသွားလာနေတဲ့အတွက် တချို့ရွာသားတွေ ရွာထဲမှာမနေရဲကြတော့ဘဲ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြန်လာတဲ့သူလည်း ပြန်လာ၊ မပြန်လာတဲ့သူကလည်း မပြန်လာ။ ရွာထဲမှာ ဖွင့်တဲ့ဆိုင်ကဖွင့် မဖွင့်တဲ့ဆိုင်ကမဖွင့်နဲ့ ပြေးတဲ့သူကပြေး ရှိတဲ့သူကရှိတယ်။ ဒီရက်ပိုင်းမှာကရွာမှာ စစ်ကြောင်းကတော့ရှိတယ်။ (ရွာ) အရှေ့ပိုင်းကလူရှိတယ်။ အနောက်ပိုင်းက လူမရှိဘူး။ ရွာမှာက စစ်သားရှိနေတော့ ရွာ သူရွာသားတွေက ကြောက်လန့်ပြီး မနေရဲဘူး။ စစ်သားရှိတဲ့အနီးအနားမှာ ရွာသူရွာသားတွေ ပြောင်း ရွှေ့ကုန်ပြီ။ သူတို့နဲ့ (စစ်သား) ခပ်ဝေးဝေးနေရာမှာဆို နေတဲ့သူကနေတယ်၊ မနေတဲ့သူက မနေဘူး။ဒါပေမယ့် စစ်သားတွေရှိတဲ့နေရာတော့ လူတွေက လုံးဝမနေရဲဘူး”လို့ သူက ဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်ဟာ နှစ်ကရင်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက် ခိုက်ပြီးနောက် ဇွန်လ(၂၉) ရက်နေ့ မနက်ပိုင်းမှာ ကျေးရွာထဲ သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီးနောက် ဒေသခံတွေကိုလိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၈) ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတွေဟာ မော်လမြိုင်-ရေး-ထားဝယ် အ မှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲဒီလို KNLA/PDF ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးရေး လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီ ဘက်က တန်ပြန်ခံစစ်နဲ့ တိုက်ခိုက်နေတဲ့အတွက် ရေးမြို့နယ်အတွင်း စစ်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ရေး ပ.က.ဖ တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

“ရေးမြို့နယ်အတွင်းမှာ စစ်ပွဲကတော့ ပြင်းထန်လာနိုင်ဖို့ရှိတယ်။ ဘာကြောင့်လဲဆိုရင် အခုကျွန်တော်တို့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့ထဲမှာ နယ်မြေစိုးမိုးရေးကို စတင်ချဲ့ထွင်နေတယ်။ အဲဒါကို သူတို့ (စစ် တပ်) ဘက်ကလည်း ဒီဟာကို အင်အားသုံးပြီး တန်ပြန်ခံစစ်သဘောနဲ့ ကျွန်တော်တို့ကို တိုက်ခိုက်တာ ရှိတယ်။ သူတို့က အဓိကလက်နက်ကြီးရယ်၊ လေကြောင်းရယ်ပေါ့၊ အဲဒါကိုအားကိုးကြတယ်။ ကျွန် တော်တို့ဘက်က ပြင်ဆင်ထားတာကြာပြီဗျ။ အခုမှပဲ ဒါကိုအကောင်အထည်ဖော်တာပေါ့။ နောက် ပိုင်းဖြစ်လာမယ့် စစ်ရေးအခြေအနေက ဗျူဟာတွေ ပြောင်းလဲပြောင်းနိုင်တယ်။ အဓိကအထက်က ဘယ်လိုညွှန်ကြားမလဲပေါ့”လို့ သူက ဆိုပါတယ်။

သထုံခရိုင်အတွင်းက စစ်ကောင်စီ တပ်စခန်း(၃)ခုအပြင် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာလည်း နယ်မြေရဲစခန်း (၆) ခုထက်မနည်း လက်လွှတ်ထားရပြီး ကျေးရွာကြီးတချို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေနဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေရှိနေပြီး အဲဒီထဲက KNU ထိန်း ချုပ်နယ်မြေတွေမှာ KNLA/PDF ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်တင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.