ဘီးလင်း – ဇူလိုင်(၁)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်အစပ်က မိုင်းခွဲခံရပြီးနောက် ပျက်စီးသွားတဲ့ ကျုံအိတ်တံတားကို ဇွန်လ(၃၀) ရက်နေ့ မနက်ပိုင်းအထိ လာရောက်ပြုပြင်မယ့်သူမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၉) ရက်နေ့ မနက်အစောပိုင်းက တံတားမိုင်းခွဲခံရချိန်မှာ လိုင်စင်မဲ့ကားတင်သွင်းလာတဲ့ ရဲ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သထုံမြို့နယ် ဥပဒေအရာရှိကားမောင်းသူ (၁) ဦးသေဆုံးထားပါတယ်။
မိုင်းခွဲခံရပြီးနောက် ပြိုကျသွားတဲ့တံတားနေရာကို သတိပေးလမ်းညွှန်ဆိုင်းဘုတ်တွေသာချထားပြီး လာရောက်ပြုပြင်တာ မရှိသေးတဲ့အတွက် ခရီးသွားကားတွေဟာ မပျက်စီးသေးတဲ့တံတားဘက်ခြမ်းကနေသာ တစ်စီးချင်းဖြတ်သန်းသွားလာနေကြရတာပါ။
တံတားမိုင်းခွဲခံရပြီးနောက် လာစစ်ဆေးတဲ့ သထုံမြို့နယ် တပ်နယ်မှူးဗိုလ်မှူးကြီး အောင်အောင်ဟိန်းအပါဝင် ရဲနဲ့ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တဲ့အ တွက် ခရိုင်လမ်းဦးစီးဌာနမှူးနဲ့ ထွေအုပ်စာရေးတို့သေဆုံးသွားပြီး သထုံတပ်နယ်မှူး အပါအဝင်(၂၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုလာစစ်ဆေးတဲ့အဖွဲ့တွေ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် တံတားလာထပ်ပြင်သူတွေလည်း ထပ်မံတိုက်ခိုက်ခံရမှာ ကြောက်နေတာကြောင့် လာရောက်မပြုပြင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတားဟာ ရန်ကုန်-မော်လမြိုင် ကားလမ်းက အရေးပါတဲ့တံတားတစ်စင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ခရီးသွားပြည်သူတွေနဲ့ ကုန်စည်စီးဆင်းမှုတွေ အချိန်ပိုကုန်နေသ လို ပိုပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူကပြောပါသေးတယ်။
ကျုံအိတ်တံတားဖောက်ခွဲဖျက်ဆီးမှုဟာ စစ်ရေးအရစစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်တာဖြစ်တယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌက ပြောထားပါတယ်။
ဒီဖြစ်စဉ်ကြောင့် မွန်ပြည်နယ်သထုံခရိုင်ထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Aung Lwin