စစ်တွေ- ဇူလိုင်(၁)
မြန်မာနိုင်ငံမှာ (၁၅)နှစ်အတွင်း အပြင်းထန်ဆုံးအဖြစ်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအဓိက ကျရောက်ခဲ့ရာ ရခိုင်မြောက်ပိုင်းက ဒေသခံတွေဟာ မုန်တိုင်းတိုက်ခတ်ပြီး နှစ်လနီးပါးကြာတဲ့အထိ အိမ်အမိုးတွေ၊ စားစရာတွေနဲ့ အခြေခံလိုအပ်ချက်တွေကို ထိထိရောက်ရောက်မရရှိသေးလို့ စစ်ကောင်စီအနေနဲ့ မုန်တိုင်းဘေးဒဏ်ကို အပြသဘောမဟုတ်ဘဲ ထိရောက်လေးနက်တဲ့ စီမံကိန်းချမှတ်လုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ မေလ (၁၄)ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူ တစ်သန်းခွဲကျော်ရှိနေပြီး နေအိမ်နှစ်သိန်းရှစ်သောင်းကျော် ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးက ထုတ်ပြန်ထားတာပါ။
မုန်တိုင်းသင့်လူဦး ရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကသာအရေးပေါ်အကူညီတွေရနေပြီး ကျန် ၇၀ ရာ ခိုင်နှုန်းလောက်ဟာ အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ လည်း AAက ပြောကြားထားပါတယ်။
“အခုအချိန်အထိ ဖုန်းလိုင်းတွေလည်းမကောင်းသေးဘူး။ အရင်တုန်းကအတိုင်းပဲ ဖြစ်နေတုန်းပဲ။ ကျောင်းတွေလည်း မပြင်ဆင်နိုင်လို့ မဖွင့်နိုင်သေးဘူး။ လူနေအိမ်တွေလည်း အကုန်ပြန်မပြင်နိုင်သေးဘူး။ စစ်ကောင်စီအနေနဲ့ လက်ပူတိုက်မဖြေရှင်းဘဲ ရေရှည်စီမံကိန်းချ ဖြေရှင်းပေးဖို့လိုအပ်နေပါပြီ”လို့ ကျောက်တော်ဒေသခံတစ်ဦးက ဆိုပါတယ်။
မိုခါဆိုင်ကလုန်းကြောင့်ထိခိုက်ခဲ့ရမှုတွေအတွက် လူမှုကူညီကယ်ဆယ်ရေးတွေ ရောက်ရှိဖို့အတွက် အ ဓိကအဟန့်အတားက လွတ်လပ်စွာသွားလာခွင့်ကို စစ်ကောင်စီကဟန့်တားထားလို့ ဖြစ်တယ်လို့ မိုခါမုန်တိုင်းဘေးအတွက် လူမှုကယ်ဆယ်ရေးတွေဆောင်ရွက်ပေးနေတဲ့ စစ်တွေဒေသခံ ကိုမင်းဘာချေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ လူမှုကယ်ဆယ်ရေးတွေ အချိန်မီမရောက်ရှိပံ့ပိုးနိုင်ဖို့အတွက် စစ်ကောင်စီက လွတ်လပ်စွာသွားလာခွင့်ကို တားဆီးထားတာကြောင့်ဆိုတာ တွေ့ရှိရတယ်။ ကူညီကယ်ဆယ်ရေးတွေ မြန်မြန်ဆန်ဆန်ရောက်နိုင်ဖို့လိုတယ်။ စစ်ကောင်စီအနေနဲ့ အကုန်လုံးကာဗာဖြစ်အောင်လုပ်နိုင်တဲ့ အခြေအနေမတွေ့ရှိရဘူး။ အများကြီးမရှိဘူး။ ဟိုစပ်စပ်ဒီစပ်စပ် နှမ်းဖြူးနေတာလောက်ပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်ပေးဖို့ကလည်း စကစရဲ့ ထုတ်ပြန်ချက်တွေ၊ တားဆီးပိတ်ပင်မှုတွေကြောင့်တော်တော်လေး အကျပ်ရိုက်ရတာကိုလည်း တွေ့နေရပါတယ်” လို့ သူကဆိုပါတယ်။
စစ်ကောင်စီဟာ မိုခါမုန်တိုင်းကြောင့် အိုးအိမ်အဆောက်အဦးတွေ ပျက်စီးသွားခဲ့ပြီး စာနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြတဲ့ ရခိုင်ပြည်မှာ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့တွေကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ကတည်းက ခရီးသွားလာခွင့်တွေ ပိတ်ပင်၊ ကန့်သတ်ထားခဲ့တာဖြစ်ပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်မှာ မိုခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုအတွက် ကယ်ဆယ်ရေးပစ္စည်း သယ်ယူပို့ ဆောင်ရေးနဲ့ ဖြန့်ဝေရေးအစီအစဉ်တွေရဲ့ ခွင့်ပြုချက်က အခုထိဆိုင်းငံ့ခံထားရဆဲဖြစ်တယ်လို့ ကုလ သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံ UNOCHA ကလည်း မကြာသေးခင်ကမှ ပြောကြားထားပါတယ်။
မိုခါကြောင့် အခြေခံပညာကျောင်းအများစု ထိခိုက်ပျက်စီးခဲ့ရတာကြောင့် အခုဇွန်လကျောင်းဖွင့်ရာ သီရောက်တဲ့အချိန်မှာ ကျောင်းအနည်းငယ်သာ ပြန်ဖွင့်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက ကျောင်းတွေအကုန်ပြန်ဖွင့်ဖို့ ဖိအားပေးခဲ့ပေမယ့်လည်း မြေပြင်အခြေအနေအရ မဖွင့်နိုင်သေးဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာလည်း မိုးတွင်းဝင်ရောက်လာလို့ ရေကြီး၊ ရေလျှံတဲ့ပြဿနာတွေ၊ ကလေးငယ်တွေရေနစ်သေဆုံးရတာတွေ၊ အဖျားရောဂါတွေ၊ အိမ်သာမလုံလောက်တာနဲ့ စားရေ ရိက္ခာရှားပါးလာမှုတွေလည်း ကြုံတွေ့နေရတာပါ။
ဒုက္ခသည်စခန်းတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထိရောက်တဲ့ကူညီမှုတွေကို AAနဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးထံမှမရရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
မုန်တိုင်းအလွန်မှာ အထွေထွေကုန်ဈေးနှုန်းတွေကြီးမြင့်လာလို့ ဒေသခံတွေဟာ ပြိုပျက်သွားတဲ့နေ အိမ်တွေကို ပြန်မဆောက်နိုင်ကြသေးဘဲ အပျက်အစီးတွေကြားထဲမှာပဲ နေထိုင်နေကြရပြီး အမိုးအ ကာအကူအညီတွေကို အရေးပေါ်လိုအပ်နေကြတာပါ။
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ကျပ်သန်းပေါင်း ၅၂၀ ကျော်ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးအတွက် စစ်ကောင်စီအနေနဲ့ ကျပ် ၇ ဘီလီယံချထားပေးတယ်လို့ ထုတ်ပြန်ထားပေမယ့် အဲဒီထောက်ပံ့မှုပမာဏဟာ ပျက်စီးမှုတန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် ၁ ဒသမ ၃၄ ရာခိုင်နှုန်းပဲ ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ