နေပြည်တော် – ဇူလိုင်(၁)
ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်တာတွေ ပိုမိုများပြားလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ဇွန်လ (၂၉) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက နိုင်ငံတဝှမ်း လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေအပြင် ဥပဒေမဲ့ထောင်ချတာတွေအပါအဝင် စစ်ရာဇဝတ်မှုတွေကို သိသိသာသာ ကျူးလွန်နေတယ်လို့ ဆိုထားတာပါ။
ပြည်သူတွေကို ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့အထောက်အထားတွေ ရရှိထားသလို အသေးစိတ်အချက်အလက်တွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။
စစ်ရာဇဝတ်မှုတွေကို သတင်းရင်းမြစ် (၇၀၀) ကျော်ကရယူထားတဲ့ အချက်အလက်တွေနဲ့ သက်သေ (၂၀၀) ကျော်ရဲ့ ထွက်ဆိုချက်တွေပါဝင်ပြီး အဲဒီထဲက ခိုင်လုံလုံအမှုတွဲ (၁၃၅) ခု ကျော်က အချက်အ လက်တွေကိုလည်း လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်သွားဖို့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ သိသိသာသာ တိုးလာတာကြောင့် အဆိုးရွားဆုံးဖြစ်ရပ်တွေနဲ့ ကျူး လွန်ခံရသူတွေအပေါ် သက်ရောက်မှုတွေကို စုံစမ်းစစ်ဆေးတာတွေ အဓိကလုပ်ဆောင်နေတယ်လို့ IIMM အဖွဲ့က အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ကိစ္စတွေကိုလည်း စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့(IIMM) ဟာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်သေအချက်အလက်စုဆောင်းဖို့အတွက် လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်