ကြာအင်းဆိပ်ကြီး – ဇူလိုင်(၁)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် ပုလိမ်၊ ခလယ်တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဘုရားငါးဆူနဲ့ နန်းသိုင်းထွန်းစတဲ့ ကျေးရွာတွေက ဒေသခံ (၃၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင်ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ် (၃၈၁) က လက်နက်ကြီးနဲ့ နေ့စဉ်လိုလိုပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေ သခံတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် ပြီးခဲ့တဲ့ ဇွန်လ(၂၆) ရက်နေ့ ကစပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တော့ပလော့နဲ့ တောင်ကလေးကျေးရွာတွေကနေ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု၊ တောင်ညိုတောင်ခြေတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအတွင်းက စစ်ကောင်စီနဲ့ BGF တပ်တွေ တပ်စွဲနေထိုင်တဲ့ရဲစခန်းကို ဦးတည်သွားရောက်နိုင်တယ်လို့ ဆိုနေကြပါတယ်။

ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တံခွန်တိုင်ကျေးရွာက အရပ်သားပြည်သူ (၃) ဦးသေဆုံးခဲ့ရပြီး နေအိမ် (၅) လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ KNU ဒူးပလာယာခရိုင် သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

KNU ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် မေလအတွင်း တပ် မဟာ(၆) နယ်မြေထဲမှာ စစ်ဘေးရှောင်ဦးရေ (၂၂၅၂၃) ဦးရှိပြီး မိုးတွင်းကာလဖြစ်တဲ့အတွက် နေရာ ထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံအသုံးအဆောင်ပစ္စည်းတွေလိုအပ်နေတဲ့အတွက် အခက်အ ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.