မြိုင် – ဇွန်(၂၉)
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ပျူစောထီး (၅) ဦးထက်မနည်း သေဆုံးသွားတယ်လို့ မြိုင် ပ.က.ဖ ကသတင်းထုတ် ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၂၇) ရက်နေ့နဲ့ (၂၈) ရက်နေ့တွေမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကားတစ်စီးပျက်စီးသွားသလို နှစ်ရက်တာတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က (၉) ဦး သေဆုံးနိုင်တယ်လို့ ဆိုထားတာပါ။
“စစ်ကောင်စီနဲ့ ပျူတွေရဲ့ကားကိုမိုင်းဆွဲတိုက်ခိုက်တာကားပျက်စီးသွားပြီး အဓိကထားတဲ့လမ်းပိုင်း ပျက်စီးတာကြောင့် ယဉ်တန်းရှေ့ဆက်မတိုးရဲတော့ဘဲ တွင်းမနဲ့ သရက်ကန်ကြားမှာ ဝေ့လည်ကြောင်ပတ်ဖြစ်နေတာ။ တွင်းမပျူစခန်းကလည်းအနီးပတ်ဝန်းကျင်ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။” လို့ မြိုင်ပကဖ က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဇွန်လ(၂၇) ရက်နေ့က ပခုက္ကူမြို့နယ်ကနေ ကမ္မမြို့ဘက်ကိုလာတဲ့ စစ်ကောင်စီ ကားလေးစီးကို ကန်တော်နဲ့ ကမ္မကြားမှာ မိုင်းဆွဲတိုက်ခိုက်ရာမှာ (၆) ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇွန်လ(၂၈) ရက်နေ့ မနက်ပိုင်းမှာလည်း ပခုက္ကူကနေထွက်လာတဲ့ စစ်ကောင်စီကားတစ်စီးကို တွင်းမပျူစခန်းနဲ့ သရက်ကန်ပျူစခန်းကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီအားထားရတဲ့ မြိုင်-ကမ္မလမ်းပိုင်းပျက်စီးသွားပြီး ကားလည်းပျက်စီးသွားသလို စစ်ကောင်စီတပ်သား (၇) ဦးဝန်းကျင်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ သိရပါတယ်။
တွင်းမနဲ့ ကမ္မစခန်းကြားမှာ ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရနိုင်ပြီး အဲဒီကားနှစ်စီးဟာ ရှေ့ဆက်မသွားတော့ဘဲ တွင်းမပျူစခန်းမှာ ရပ်တန့်ထားတယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ မြိုင်-ကမ္မလမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ ပျက်စီးသွားတဲ့ လမ်းကိုတော့ တော်လှန်ရေးကာလအပြီးမှာ ပြန်လည်ပြုပြင်ပေးသွားမယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ် ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ