နေပြည်တော်၊ ဇွန်(၃၀)

NCA စာချုပ်မှာ လက်မှတ်ရေးထိုးတဲ့ အပစ်ရပ် ၅ ဖွဲ့က လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီနဲ့ ၃ ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် ထုတ်ပြန်လိုက်တာပါ။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့ဟာ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အရ ဇွန် ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နေပြည်တော်မှာ ၃ ရက်တာ ဆွေးနွေးခဲ့တာပါ။

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် အသေးစိတ်အချက်အလက်တွေအပါအဝင် မူပိုင်းဆိုင်ရာ သဘောတူညီချက် (၄) ချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အပစ်ရပ် ၅ ဖွဲ့က ထုတ်ပြန်ထားပေမယ့် ရရှိတဲ့သဘောတူညီချက် အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြတာမရှိပါဘူး။

ဒါပေမဲ့ PPST အဖွဲ့ဝင် အပစ်ရပ်ထိုး (EAO) ၅ ဖွဲ့ အနေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းကျော်လွှားနိုင်ရေးဆိုတဲ့ ထိပ်သီးဆွေးနွေးပွဲရဲ့ မူကိုဖြစ်စေ၊ လက်နက်မဲ့အပြစ်မဲ့အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ NCA ပြဌာန်းချက်ကိုဖြစ်စေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ဖြစ်စေ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အပစ်ရပ် ၅ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပြင်ဆင်လိုတဲ့အချက်တွေ၊ အရင်ဆွေးနွေးပွဲတွေမှာ သဘောတူထားတဲ့ အချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။

ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေး၊ ဒေသတည်ငြိမ်ရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေကိုလည်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စနဲ့ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်းက လူအနည်းအကျဉ်းနဲ့ ရလဒ်ကောင်းတွေထွက်နိုင်တဲ့ ညီလာခံမျိုးလုပ်ချင်ကြတဲ့သဘောရှိပြီး အားလုံးပါဝင်နိုင်အောင် ကြိုးပမ်းနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အချက်တွေကိုတော့ ပြောပိုင်ခွင့်မရှိဘူး၊ အဓိက အဲဒီအချက်တွေကိုတော့ မပြောဘူး။ ပြောနိုင်တာကတော့ အလွတ်သဘောတွေ့ဆုံဆွေးနွေးရေးအဖွဲ့နဲ့ NSPNC တို့ မတ်လက တွေ့ဆုံထားကြတဲ့ စုစည်းချက်တွေကို အနည်းငယ်ပြင်ဆင်ပြီး တချို့အချက်တွေကို လက်မှတ်ရေးထိုးနိုင်ခဲ့တာရှိတယ်။ နောက်ပြီး လူသားချင်းဆိုင်ရာ ထောက်ထားမှုကိစ္စကို တစ်ပြည်လုံးကိစ္စနဲ့ယှဉ်ပြီးတော့မှ ဆွေးနွေးတာ ရှိတယ်။ နောက်ပြီးလို့ရှိရင် တိုင်းပြည်ငြိမ်းချမ်းသာယာရေး၊ ဒေသတည်ငြိမ်ရေးကိစ္စတွေကို ပြောတာရှိတယ်။ အဓိကအားဖြင့် ဒေသတည်ငြိမ်အေးချမ်းရမယ်၊ ဒေသမတည်ငြိမ်ဘူးဆိုရင် တိုင်းပြည်မတိုးတက်ဘူး။ အဲဒါတွေကို ပြောတာရှိတယ်”လို့ သူက ဆိုပါတယ်။

ဆွေးနွေးပွဲမှာ အပစ်ရပ်ထိုး ၅ ဖွဲ့ ရဲ့ ကိုယ်စားလှယ်တွေဘက်က အရင်ကတည်းက ရရှိပြီးဖြစ်တဲ့ PPST ၁၀ ဖွဲ့ရဲ့ အခြေခံမူတွေ၊ နောက်ပိုင်း PPST ၇ ဖွဲ့ရဲ့ မူတွေ နဲ့ NCA-S EAO ၇ ဖွဲ့ရဲ့ အလွတ်သ ဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေနဲ့ ရရှိထားတဲ့မူတွေအားလုံးကို ကိုယ်စားပြုတင်ပြဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ဇွန် ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ NCA-S EAO ၈ ဖွဲ့ အစည်းအဝေးကနေရရှိခဲ့တဲ့ ဘုံသဘောတူညီချက် (၁၃) ချက်ကို တင်ပြပြီး ပြင်ဆင်ချက်အနည်းငယ်နဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ အပစ်ရပ်ထိုး ၅ ဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အပစ်ရပ်ထိုး ၅ ဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တစ်ကြိမ်တစ်ခါမှ တိုက်ပွဲမဖြစ်ဖူးသေးတဲ့ EAO အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.