မော်လမြိုင်၊ ဇွန်(၃၀)

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးမှုဟာ စစ်ရေးအရစစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တာဖြစ်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားကို ဇွန် ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ တော်လှန် ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတခြမ်းပြိုကျပျက်စီးခဲ့ပြီး ကုန်တင်ကားတွေ သွားလာလို့မရတဲ့ အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။

ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့် အခုလိုပဲ ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တွေ ဒီရန်ကုန်- မော်လမြိုင်ကနေပြီးတော့ ဘားအံ- မြဝတီပေါ့။ ဟိုဘက်ကရေးတို့ ထားဝယ်တို့အထိပေါ့။ လမ်းမကြီးကို စကစကနေပြီးတော့ သူတို့တွေထောက်ပို့နဲ့ပတ်သက်ပြီးတော့ အဲဒီလမ်းကြောင်းကို ဖြတ်တောက်ချင်တဲ့ရည်ရွယ်ချက်နဲ့ပဲ။ တံတားကလည်း မိန်းလမ်းမကြီး မော်လမြိုင်နဲ့-ရန်ကုန်သွားလို့ရတယ်။ မော်လမြိုင်နဲ့ ဘားအံကနေပြီးတော့ မြဝတီအထိပေါ့ သွားလို့ရတယ်” လို့ ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းဖောက်ခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေ အပါအဝင် ၃ ဦးထက်မနည်းသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

အဲဒီတံတား ပြိုကျပျက်စီးမှုကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာ အရာရှိတွေကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၁၀ လုံးချပြီး ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု များပြားခဲ့တာပါ။

ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း သထုံခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးသေဆုံးပြီး တံတားဖောက်ခွဲခံရတဲ့ ဖြစ်စဉ်မှာတော့ ဥပဒေအရာရှိတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်းအပါအဝင် စစ်ကောင်တပ်၊ ရဲတပ်ဖွဲ့ အရာရှိတွေအပြင် ဌာနဆိုင်ရာတာဝန်ရှိသူ ၂၆ ဦး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ ၄ ဦးထက်မနည်းရှိတယ်လို့ သိရပါတယ်။

ကျုံအိတ်တံတားဟာ ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်နဲ့ မြဝတီတို့ကို အဓိကသွားလာနေတဲ့ လမ်းပိုင်းတစ်ခုဖြစ်ပြီး အဲဒီဖြစ်ကြောင့် အိမ်စီးကားလောက်သာ သွားလာလို့ရပြီး ကုန်တင်ကားတွေ သွားလာလို့ မရတဲ့အတွက် ကားအစီးရေ ရာနဲ့ချီပိတ်မိတာပါ။

ကျုံအိတ်တံတား ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီဘက်က လုံခြုံရေးအထူးတင်းကျပ်ထားသလို တံတားပြင်ဆင်ဖို့ လုပ်ဆောင်တာတွေ ရှိနေပါတယ်။

အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ သထုံခရိုင်ထဲက ကရင်အမျိုးသားအ စည်းအရုံး KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တာတွေ လုပ်ဆောင်တာပါ။

စစ်ရေးအကဲခတ်တွေက အခုဖြစ်စဉ်ကြောင့် မွန်ပြည်နယ်သထုံခရိုင်ထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.