ထားဝယ်၊ ဇွန်(၃၀)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝကုန်းနဲ့ဘဝပင်ကျေးရွာကြားမှာ ဦးပိုင်အရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်းတိုက်မိုင်းထိတာကြောင့် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဟိန္နားသတ္တုတွင်းစစ်ဆေးပြီး ပြန်လာတဲ့ ကား ၁၇ စီးပါ စစ်ကောင်စီယာဉ်တန်းဟာ ဇွန် ၂၈ ရက်နေ့ နေ့လည်ပိုင်းက ကျောက်မဲတောင်ကနေ ထားဝယ်ဘက်သို့ ထွက်ခွာလာစဉ် တိုက်မိုင်း ၂ ကြိမ် ထိခိုက်ခဲ့တာပါ။

တိုက်မိုင်း ၂ ကြိမ်ထိပြီးနောက် ဟိန္နားသတ္တုတွင်းလာစစ်တဲ့ ဦးပိုင်အရာရှိတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုင်းထပ်ထိမှာ စိုးရိမ်တဲ့အတွက် ဝကုန်းကျေးရွာမှာပဲ တပ်စွဲနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ ဇွန် ၂၉ ရက်နေ့ မနက်ပိုင်းမှာတော့ ဦးပိုင်အရာရှိတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထားဝယ်ဘက်ကို ထွက်ခွာဖို့ကြိုးပမ်းနေပြီး နေ့လည်ပိုင်းမှာ ပခပ်ရွာဘက်ကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ရောက်ရှိလာတဲ့အတွက် ဝကုန်း၊ ဘဝပင်အပါအဝင် အနီးနားကျေးရွာ ၅ ရွာက ဒေ သခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတာပါ။

ဟိန္နားသတ္တုတွင်းလာစစ်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ လုံခြုံရေးအတွက် အင်အား ၂၀၀ နီးပါး အ သုံးပြုထားပြီး လက်ရှိမှာ ထားဝယ်အရှေ့တောဒေသကနေ ထားဝယ်မြို့ကို ခြေလျင်နဲ့ချီတက်လာတယ်လို့ တော်လှန်ရေးအင်အားတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ထားဝယ်အရှေ့တောဒေသဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီဘက်က မကြာခဏဆိုသလို စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNI PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.