ညောင်လေးပင်၊ ဇွန်(၃၀)

ကရင်အမျိုးသားအစည်းအရုံ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၂)ဦး သေဆုံးပြီး ကလေး(၄)ဦးအပါအဝင် ဒေသခံ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ သက်ကယ်ကုန်းကျေး ရွာထဲကို ဇွန်လ(၂၄)ရက်နေ့က စစ်ကောင်စီရဲ့ ခလရ(၂၀) တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်းရှိ ကလေး(၁)ဦးနဲ့ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပဲသောင်ကျေးရွာနဲ့ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ သမင်အင်းကုန်းကျေးရွာတွေထဲကို လက်နက်ကြီးတွေပစ်ခတ်ခဲ့တဲ့အတွက် ပဲသောင်ကျေးရွာက အမျိုးသမီး(၁)ဦး ကျည်စထိမှန်သေဆုံးပြီး ကလေး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို သမင်အင်းကုန်းကျေးရွာက အမျိုးသမီး(၁)ဦး သေဆုံးနဲ့ ကလေး(၁)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဇွန်လ(၂၇)ရက်နေ့ကလည်း အင်အား(၅၀)ကျော်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပုဇွန်မြောင်းကျေးရွာထဲကို ဝင်ရောက်လာခဲ့ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေထဲကို လက်နက် ကြီး(၁၃)လုံးခန့်ပစ်ခတ်ခဲ့ရာ ဝိုင်းကျွန်း၊ ပျဉ်ရေအရှေ့ဘက်ကမ်း၊ သိုက်တူး၊ သက်ကယ်ကုန်းကျေးရွာတွေထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒီလို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ပျဉ်ရးအရှေ့ဘက်ကမ်းကျေးရွာက လူငယ်(၁)ဦးကို လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့တဲ့အပြင် သူရဲ့နေအိမ်ကိုလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇွန်လ(၂၁)ရက်နေ့ကနေ ဇွန်လ(၂၈)ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ ခလရ(၂၆၄)တပ်ဟာ ပိန်းဇလုပ်၊ ကျောက်တံခါးနဲ့ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ကားလမ်းတစ်လျှောက်နဲ့ ကျေးရွာတွေကနေ လက်နက်ကြီးနဲ့ KNU ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ကမ်းနဲ့ အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေထဲကို နေ့စဉ်ဆက်တိုက်ပစ်ခတ်လျက်ရှိတယ်လို့ KNU က ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာတွေထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ်တွေထိခိုက်ပျက်စီးတာ၊ လူထုတွေထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေရှိခဲ့ပြီး ထိခိုက်ပျက်စီးရတဲ့နေအိမ်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရဲ့ အရေအတွက်ကို အတည်ပြုနိုင်ဖို့ KNU က လုပ်ဆောင်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.