တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့ဟာ စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်အရ ဇွန် ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နေပြည်တော်မှာ ၃ ရက်တာဆွေးနွေးခဲ့တာပါ။ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် အသေး စိတ်အချက်အလက်တွေအပါအဝင် မူပိုင်းဆိုင်ရာ သဘောတူညီချက် (၄) ချက်ကို လက်မှတ်ရေးထိုးခဲ့ကြ တယ်လို့အပစ်ရပ် ၅ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖြစ်တဲ့ အခြေအနေ၊ မူပိုင်းဆိုင်ရာ သဘောတူညီမှု၊ ငြိမ်းချမ်း ရေးညီလာခံကျင်းပရေးအပါအဝင် ရှေ့ဆက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အပစ်ရပ် ၅ ဖွဲ့ ပြောခွင့်ရ ဒေါ်စောမြရာဇာလင်းနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး စစ်ကောင်စီနဲ့ ၃ ရက်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အသေးစိတ်အချက်အလက်တွေ အပါအဝင် မူပိုင်းဆိုင်ရာ သဘောတူညီချက် (၄) ချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဘယ်အချက်တွေ ဖြစ်မလဲ။

အထဲကအချက်တွေကိုတော့ ပြောပိုင်ခွင့်တော့ မရှိဘူး။ အဲဒီအချက်တွေကိုတော့ မပြောဘူး။ ပြောနိုင်တာက တော့ အလွတ်သဘောတွေ့ဆုံဆွေးနွေးရေးအဖွဲ့နဲ့ NSPNC တွေ့ဆုံထားခဲ့ကြတဲ့ မတ်လက စုစည်းချက်တွေ အဲဒါတွေကို အနည်းငယ်ပြင်ဆင်ပြီးတော့ တစ်ချို့အချက်တွေကို လက်မှတ်ရေးထိုးထားနိုင်ခဲ့တာ ရှိတယ်။

နောက်ပြီးတော့ လူသားချင်းစာနာထောက်ထားမှုကိစ္စကို တစ်ပြည်လုံးကိစ္စနဲ့ယှဉ်ပြီးတော့ ဆွေးနွေးတာ ရှိ တယ်။ နောက်ပြီးတိုင်းပြည်ငြိမ်းချမ်းသာယာရေးနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စတွေကို ပြောတာရှိတယ်။

အဓိကဒေသတည်ငြိမ်အေးချမ်းရမယ်။ ဒေသမတည်ငြိမ်ဘူးဆိုရင် တိုင်းပြည်မတိုးတက်ဘူး။ လူသားချင်းစာနာ ထောက်ထားမှုကိစ္စတွေကို ဆွေးနွေးတယ်။ ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ပေါ့။ အဲဒါတွေပြောလို့ရတယ်။

-ငြိမ်းချမ်းရေး ညီလာခံကျင်းပဖို့ ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီက တင်ပြတာတွေ့ရပါတယ်။ ဒီအပေါ်မှာ ဘာတွေ ဆွေးနွေးဖြစ်ပါသလဲ။

အဓိပ္ပါယ်နည်းတဲ့ ညီလာခံမျိုးဆိုတာတော့ မလုပ်ချင်ကြဘူး။ ရလဒ်ကောင်းတွေ ထွက်နိုင်တဲ့ညီလာခံမျိုး လုပ် ချင်ကြတယ်။ ကော်မတီဖွဲ့ဖို့ လိုအပ်တယ်ဆိုတဲ့အနေအထားမျိုးကိုတော့ ဆွေးနွေးကြတာရှိတယ်။

-နိုင်ငံရေးမတည်ငြိမ်တဲ့ အခြေအနေမှာ ငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ဖို့ ဘယ်လိုပုံစံတွေနဲ့ ကြိုးပမ်းသွားဖို့ ရှိမလဲ။ အားလုံးပါဝင်ဖို့ကရော ဖြစ်နိုင်မလား။

အားလုံးမပါနိုင်သေးဘူးဆိုတာတော့ ဟုတ်တယ်။ အားလုံးပါဝင်ဖို့အတွက်ကိုလည်း ကြိုးပမ်းနေကြတယ်။ လာ နိုင်သမျှတော့ ပုဂ္ဂိုလ်များလာနိုင်အောင်လည်း ကြိုးပမ်းနေကြတယ်။ အဓိကကတော့ တိုင်းပြည်မှာ သေနတ်သံ စဲဖို့တော့ လိုပါတယ်။ သေနတ်သံစဲစေချင်တယ်။ အဓိက ကျွန်မတို့ ငြိမ်းချမ်းရေးဆွေးနွေးလာတည်းက တိုင်း ပြည်ကို ငြိမ်ငြိမ်သက်သက်နဲ့ တိုင်းပြည်ကို ကောင်းမွန်အောင်တည်ဆောက်နိုင်မယ့် ဖက်ဒရယ်စဉ်းစားချက် တွေနဲ့ အဲဒီလိုမျိုးလုပ်လာခဲ့ကြတာ ဖြစ်တယ်။ တိုင်းပြည်ကတော့ လက်ရှိမြင်နေရတဲ့၊ တွေ့နေရတဲ့ အဲဒီလို အနေအထားတွေရှိနေတော့ စားပွဲခုံကိုရောက်လာဖို့ ကြိုးပမ်းနေကြတာတော့ရှိတယ်။ ကြိုးပမ်းရင်းနဲ့ပဲ ဖြစ် နေကြတာတော့ရှိတာပေါ့။ အားလုံးမပါလို့ မဆွေးနွေးကြရဘူးဆိုတာတော့ မဟုတ်ဘူး။ ဆွေးနွေးနေတဲ့ သူ တွေက စစ်ကောင်စီနဲ့ ပေါင်းနေတယ်ဆိုပြီး ပြောနေကြတာရှိတယ်။

အမှန်ကအားလုံးရဲ့ ရည်မှန်းချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက် ရေးပါပဲ။ အဲဒီလို ပြည်ထောင်စုတည်ဆောက်ရေးအတွက်ကိုပဲ စကားပြောနေကြတာ ဖြစ်တယ်။ ဘယ်သူ တစ်ယောက်ရဲ့ ကောင်းစားရေး၊ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဆိုတဲ့ပုံစံမျိုး စဉ်းစား နေကြတာ မဟုတ်ဘူး။ ဒီလိုကြိုးစားသူမရှိဘူးဆိုရင် အားလုံးက ပျက်စီးသွားမယ်။ အဲဒါကြောင့် ကြိုးစားနေရ တာပဲ ဖြစ်တယ်လို့ ပြောချင်တယ်။

-အပစ်ရပ် ၅ ဖွဲ့က စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးနေပေမယ့် တိုင်းပြည်ပြဿနာ ပြေလည် စရာမရှိဘူးလို့ ဝေဖန်တာတွေ ကြားသိနေရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုသဘောထား မှတ်ချက်ပေးချင် ပါသလဲ။

ရတဲ့အဖွဲ့တွေနဲ့ညှိကြရအောင် ပြောနေရမှာပဲလေ။ နောက်လည်း ရလဒ်ကောင်းတွေ ထွက်လာတယ်ဆိုရင် မလာနိုင်သေးတဲ့အဖွဲ့တွေလည်း လာမှာပဲ။ အဓိကက ရလဒ်ကောင်းတွေ ထွက်ဖို့လိုတယ်။ ရလဒ်ကောင်းတွေ ထွက်လာဖို့မျှော်တယ်။ အတတ်နိုင်ဆုံးလည်း ကြိုးပမ်းနေကြတာ ဖြစ်တယ်။

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီနဲ့ ၃ ရက်တာ ဆွေးနွေးမှုအပေါ်အားရကျေနပ်မှုရှိလား။

အရာအားလုံးက ကျေနပ်တယ်ဆိုတာတော့ မရှိဘူး။ အရာအားလုံးက လောကကြီးမှာ ကျေနပ်တယ်ဆိုတာ မရှိဘူး။ ဒါပေမယ့် မျှမျှတတရှိတယ်။ မျှတမှုရှိတယ်ဆိုတာမျိုးကိုတော့ ပြောလို့ရတယ်။ တစ်ယောက်ကို တစ်ယောက် လေးလေးစားစားရှိတယ်။ တန်းတူရည်တူ ရှိတယ်။ အဲဒါမျိုးကိုတော့ ပြောလို့ရတယ်။ ဆွေးနွေး ချက်မှာ ရလဒ်အားလုံးက တွေ့ဆုံတယ်လို့ ပြောလို့မရသေးဘူး။ ဆွေးနွေးရဦးမယ်လို့ပဲ ပြောလို့ရတယ်။ ကျေနပ်တယ်လို့ ပြောလို့မရသေးဘူး။ ကျေနပ်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ပဲ ပြောလို့ရတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.