လောင်းလုံး၊ ဇွန်(၂၉)

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်က ရဲစခန်း ၂ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မနေ့ ဇွန် ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်လောက်မှာ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို တစ်ကြိမ်၊ ညနေ ၅ နာရီအချိန်လောက်မှာ ရေဖြူမြို့နယ်ရှိ ရေဖြူမြို့မရဲစခန်းကိုတစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

မောင်းမကန်ရဲစခန်းဒရုန်းနဲ့ တိုက်ခိုက်မှုမှာ ဗုံးသီးတွေဟာ အချုပ်ခန်းနဲ့ ရုံးခန်းကြား ကျရောက်ပေါက်ကွဲခဲ့သလို ရေဖြူရဲစခန်းတိုက်ခိုက်မှုမှာလည်း ရဲလိုင်းခန်းအနီး ဗုံးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိပြီး မြေပြင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရပြီး ညနေ ၆ နာရီအချိန်မှာတော့ စစ်သင်္ဘောတစ်စီး မောင်းမကန်ကမ်းခြေ တစ်မိုင်ခန့်အကွာမှာ လာရောက်ကျောက်ချရပ်နားထားလို့ သဘော့ဆိပ်၊ ပန်းတက်အင်း၊ ကျောက်ဆင်၊ မောင်းမကန်စတဲ့ရွာတွေက ပြည်သူတချို့တိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့ကလည်း မောင်းမကန်ရဲစခန်းမှူး လိုက်ပါလာတဲ့ကားဟာ မောင်းမကန်ကျေး ရွာနဲ့ ရဲစခန်းကြားမှာ ပစ်ခတ်ခံရပြီး စခန်းမှူးအပါအဝင် ရဲတပ်ကြပ်ကြီးနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.