ရေး၊ ဇွန်(၂၉)

မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကျေးရွာ ပေ ၄၀ တံတားအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း အိမ်စီးကားတစ်စီး ပစ်ခတ်ခံရတာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၂၈ ရက်နေ့ မနက် ၈ နာရီအချိန်လောက်က ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ကင်းလှည့်လာတဲ့ စစ်ကားတစ်စီးကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ရန်ကုန်ကနေ ထားဝယ်သို့ မောင်းနှင်းလာတဲ့ အိမ်စီးကားတစ်စီး ကြားညှပ်ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါလာတဲ့ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်ခံရတဲ့ ယာဉ်မောင်းအမျိုးသမီးဟာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေကြောင့် ရေးမြို့နယ်ပြည်သူ့ဆေးရုံကနေ ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကတော့ ကင်းလှည့်နေတဲ့ စစ်ကားကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၅ ဦး သေဆုံးသွားတယ်လို့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားသလို အဲဒီတိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း ရေးမြို့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.