ရေး၊ ဇွန်(၂၉)

မွန်ပြည်နယ်ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၃ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အရာရှိ ၂ ဦးအပါအဝင် အခြားအဆင့် ၁၆ ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းတိုင်း ၊ စစ်ဒေသခွဲ အမှတ် – ၃၊ ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်ပါတယ်။

တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရေးမြို့နယ် အောင်သာယာကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့အတွက် ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီနေ့က ရေးမြို့နယ် အောင်သာယာကျေးရွာနဲ့ကနင်ကမော့ကျေးရွာကြား ပရယ်သားရွာအနီးမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၆ ဦးသေဆုံးခဲ့ပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းကလည်း ပရယ်သားရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးသေဆုံးပြီး အခြားအဆင့်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တဆက်တည်း အဲဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာလည်း ရေးမြို့နယ် စံပြကျေးရွာနဲ့ နှင်းစုံကျေးရွာကြားမှာ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၆၁ နဲ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူးဝင်းဦး အ ပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း မြေပြင်သတင်းတွေအရသိရပေမယ့် အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဇွန် ၂၈ ရက်နေ့ မနက်ပိုင်းမှာလည်း ကလော့ကြီးကျေးရွာအနီး မောင်းနှင်လာတဲ့ စစ်ကောင်စီပွိုင့်ကားတစ်စီးကို ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရရှိမှု စာရင်းကို အတည်ပြုနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

မော်လမြိုင် – ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ခရီးသွာပြည်သူတွေအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း တိတိကျကျ လိုက်နာပေးဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-J.O.C

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.